ဥပဒေအရာရှိအဆင့်-၄ (အစမ်းခန့်) များ လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ် ၁/၂၀၂၄ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၄

ဥပဒေအရာရှိအဆင့်-၄ (အစမ်းခန့်) များ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် ၁/၂၀၂၄ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ရွေးချယ်ခန့်ထားပြီးသော ဥပဒေအရာရှိအသစ်များကို ပြည်ထောင်စုရှေ့နေချုပ် နည်းဥပဒေနှင့်အညီ လုပ်ငန်းခွင်ဝင်သင်တန်းပေးကြောင်း၊ အစိုးရရှေ့နေတစ်ဦးအနေဖြင့် အရည်အချင်းပြည့်ဝနေရန် လိုအပ်ကြောင်း၊ ဥပဒေအရာရှိကျင့်ဝတ်များ၊ နိုင်ငံဝန်ထမ်းကျင့်ဝတ်သိက္ခာများနှင့် ဝန်ထမ်း စည်းမျဉ်း စည်းကမ်းများကို သိရှိနားလည်ပြီး လေးစားလိုက်နာတတ်ရန်နှင့် ဥပဒေဘာသာရပ် များကိုလည်း သင်ကြားမည်ဖြစ်ကြောင်း၊၊

ပြည်ထောင်စုရှေ့နေချုပ်ဥပဒေ၊ နည်းဥပဒေပါ ပြဌာန်းချက်များ၊ ဥပဒေရေးရာဝန်ကြီးဌာန ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ ဥပဒေအရာရှိများ၏ လုပ်ငန်းတာဝန်များကို သင်ကြားမည် ဖြစ်ကြောင်း၊ စီမံရေးရာကိစ္စရပ်များ၊ ငွေစာရင်းပြုစုရေးဆွဲထိန်းသိမ်းခြင်းဆိုင်ရာ ကိစ္စရပ်များ သင်ကြားမည်ဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနသည် (၂၀၂၀-၂၀၂၄) ခုနှစ် တရားမျှတရေး အတွက် ဥပဒေဝန်ဆောင်မှု မဟာဗျူဟာစီမံကိန်းနှင့်အညီ ဥပဒေဝန်ဆောင်မှုပေးနေသည့် ဝန်ကြီးဌာန ဖြစ်ပါကြောင်း၊ ဥပဒေမူကြမ်းများကို စိစစ်အကြံပေးခြင်း၊ အပြည်ပြည်ဆိုင်ရာ စာချုပ် စာတမ်းများ၊ စီးပွားရေးစာချုပ်စာတမ်းများကို စိစစ်အကြံပေးခြင်း၊ တရားစွဲအမှုလိုက်လုပ်ငန်းများ နှင့်သက်ဆိုင်ခြင်းမရှိသော ဥပဒေရေးရာကိစ္စရပ်များကို ဥပဒေအကြံပေးခြင်း၊ တရားစွဲအမှုလိုက် လုပ်ငန်းမျာတွင်လည်း နိုင်ငံတော်သက်မှ လိုက်ပါဆောင်ရွက်ခြင်းစသည့် ဥပဒေဝန်ဆောင်မှု အမျိုးမျိုးကို ပေးအပ်လျက်ရှိပါကြောင်း၊ ထို့ပြင် ဥပဒေဝန်ဆောင်မှုအနေဖြင့် မြန်မာဥပဒေ သတင်းအချက်အလက်စနစ် (MLIS) ကိုလည်း တည်ထောင်ထားရှိပါကြောင်း၊ သင်တန်းတွင် သင်တန်းသားများ သိသင့်သိထိုက်သည့် ဥပဒေများ၊ နည်းဥပဒေများ၊ ရုံးလုပ်ငန်းနှင့် တရားစွဲ အမှုလိုက်ကိစ္စများ၊ တရားခွင်သရုပ်ပြသခြင်း၊ မဟာဗျူဟာစီမံကိန်း၊ ဥပဒေအရာရှိကျင့်ဝတ်၊ မျှတ သောတရားစီရင်ရေး ဆိုင်ရာစံနှုန်းများဖြင့် ပြည့်ပြည့်စုံစုံ ပို့ချပေးမည့်အပြင် ပြင်ပပညာရှင်များ၊ မှုခင်းရဲတပ်ဖွဲ့နှင့် မှုခင်းဆရာဝန်ကြီးအား ဖိတ်ခေါ်၍ ပို့ချပေးမည်ဖြစ်ပါကြောင်း၊ သင်တန်းသား များအနေဖြင့် သင်တန်းတွင် သင်ကြားပို့ချချက်များကို ကြိုးစားသင်ယူလေ့လာမှတ်သားကာ ပြည်သူများအတွက် ထိရောက်သော ဥပဒေဝန်ဆောင်မှုများ ပေးနိုင်သော ဥပဒေအရာရှိကောင်း များဖြစ်စေရန် နှင့် နိုင်ငံတော်နှင့် ဌာနအတွက် တန်ဖိုးရှိသော ဥပဒေအရာရှိများဖြစ်လာစေရန် အားထုတ်ကြစေလိုပါကြောင်းပြောကြားသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယ ဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းသား သင်တန်း သူများ တက်ရောက်ကြကြောင်းသိရသည်။

သတင်းစဉ်