ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရ အဖွဲ့ဝင် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်၊ မတ်လ ၂ ရက်

ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရ အဖွဲ့ဝင် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၏ စတုတ္ထအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ် အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။

တရားလွှတ်တော်ရှေ့နေများကောင်စီရုံးဆောက်လုပ်ရန် ရုံးမြေနေရာရရှိပြီးဖြစ်၍ အဆောက်အဦ ဆောက်လုပ်နိုင်ရေးကို ဆက်လက်ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်း၊ တရားလွှတ်တော်ရှေ့နေများကောင်စီ(မန္တလေး) ဖွင့်လှစ်ရန် ယာယီသတ်မှတ် နေရာကိုလည်း အတည် ပြုထားပြီးဖြစ်ပါကြောင်း၊

ဥပဒေရေးရာဝန်ကြီးဌာနမှ အခမဲ့ဝန်ဆောင်မှုပေးလျက်ရှိသော MLIS ကို ၂၄-၅-၂၀၁၈ ရက်နေ့မှာ စတင်ထုတ်လွှင့်ခဲ့ရာ မေလပိုင်းတွင် ၅ နှစ်ကာလ ပြည့်မြောက်မည်ဖြစ်ပါကြောင်း၊  MLIS တွင် တိုင်းဒေသကြီး၊ ပြည်နယ်များကပြဌာန်းသောဥပဒေများကို အချိန်နှင့်တပြေးညီ လွှင့်တင်နိုင်ရန် တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်ရုံးများက ဥပဒေများပေးပို့ကြရန် လိုအပ်ပါကြောင်း၊

ဥပဒေရေးရာဝန်ကြီးဌာန၊ မဟာဗျုဟာစီမံကိန်း (၂၀၂၀-၂၀၂၄)ကို “တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု” ဟူသည့် ဆောင်ပုဒ်ချမှတ်ပြီး ငါးနှစ်စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်တွင် စီမံကိန်းကာလ နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊

ယခုမဟာဗျုဟာစီမံကိန်းပြီးစီးပါက မဟာဗျုဟာစီမံကိန်းအသစ် ကိုလည်း ငါးနှစ်စီမံကိန်း ဖြင့် ၂၀၂၅ မှ ၂၀၂၉ ခုနှစ် အထိ သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ရှိပါ ကြောင်း၊

ဥပဒေအရာရှိများ အကျင့်သိက္ခာနှင့် ပြည့်စုံပြီး အများပြည်သူက ယုံကြည်အားကိုးရသော ဥပဒေအရာရှိကောင်းများ ဖြစ်စေရေးအတွက် ကျင့်ဝတ်စောင့်ထိန်း လိုက်နာကြရန် အထူးအရေးကြီး ပါကြောင်း၊

ဥပဒေရေးရာဝန်ကြီးဌာန၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU)ကို အမိန့် ကြော်ငြာစာ အအမှတ် ၄၀/၂၀၁၉ ဖြင့် ၂၀၁၉ ခုနှစ်တွင် စတင်ဖွဲ့စည်း၍ CPU ၏ လုပ်ငန်း တာဝန်များကို ဆောင်ရွက်လျက်ရှိရာ ဥပဒေရေးရာဝန်ကြီးဌာန၏ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးဆိုင်ရာ တည်မြဲလုပ်ထုံးလုပ်နည်း(SOP)ကို ၁၅-၅-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်စာ အမှတ် ၄၅/၂၀၂၃ ဖြင့် ထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊ CPU အတွက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန် (Terms Of Reference-TOR)ကို ထုတ်ပြန်နိုင်ရေး ရေးဆွဲဆောင်ရွက်လျက်ရှိ ကြောင်း၊

ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် ဥပဒေရေးရာကိစ္စရပ်များ၊ ဥပဒေသတင်းအချက် အလက်များကို ဥပဒေပညာစိတ်ပါဝင်စားသူများမှ အချိန်နှင့်တပြေးညီ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ဥပဒေရေးရာဝန်ကြီးဌာန၏ အပတ်စဉ်သတင်းလွှာ (Weekly news)ကို ၁၉-၅-၂၀၂၃ ရက်မှစ၍ အတွဲ ၁၊ အမှတ် ၁ မှ စတင်ထုတ်ဝေခဲ့ရာ ယခုအခါ အတွဲ ၂၊ အမှတ် ၈ အထိ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အပတ်စဉ် သတင်းလွှာကို သောကြာနေ့တိုင်း ထုတ်ဝေခြင်းဖြစ်ပြီး ဝန်ကြီးဌာန website တွင်လည်း အများပြည်သူ ဖတ်ရှုနိုင်ရန် လွှင့်တင်ထားပါကြောင်း၊

တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်ရုံးများက မူဝါဒပိုင်းဆိုင်ရာကိစ္စရပ်များကို အကောင်အထည်ဖော်သည့် ဥပဒေ(မူကြမ်း) များကို စိစစ်ရာတွင် နိုင်ငံတော်က ချမှတ်ထားသည့်မူဝါဒများနှင့် ကိုက်ညီမှုရှိစေရန် အလေးထားဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊

တရားစွဲမတင်မီ ဥပဒေအကြံဉာဏ်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကို တိကျစွာ ဂရုပြု လိုက်နာဆောင်ရွက်ရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံး၏ ၂-၆-၂၀၂၃ ရက်စွဲပါ စာအမှတ်၊ ၁၅၉(၁)/၈/ ကောင်စီရုံးဖြင့် တိုင်း ဒေသကြီး/ ပြည်နယ်ဥပဒေရုံးချုပ်များကို အကြောင်းကြားပြီးဖြစ်ပါကြောင်း၊

ဥပဒေရေးရာဝန်ကြီးဌာနက တာဝန်ယူဖွင့်လှစ်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းသည် ယခုအခါ အမှတ်စဉ်(၄)အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး အဆိုပါသင်တန်းသည် သင်တန်းသားများအား Certificate of Legal Advocacy(CLA)ဟူသည့် ဥပဒေပညာရပ်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်ကို ချီးမြှင့်ပေးအပ်လျက်ရှိပါကြောင်း၊

ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ  ဥပဒေရေးရာဝန်ကြီးဌာနက အလေးထားဆောင်ရွက်နေသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့်အတွက် ဥပဒေချုပ်ရုံးများ အနေဖြင့်လည်း ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်စေလိုပါကြောင်း မှာကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် နှင့်အတူ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဥပဒေချုပ်များ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ စုံညီစွာ တက်ရောက်ကြကြောင်း သိရသည်။

(သတင်းစဉ်)