မဟာသင်္ကြန်ကာလအတွက် ဥပ‌ဒေရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား ၂၀၂၄ ခုနှစ်အတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခြင်း

နေပြည်တော်၊  မတ်  ၂၂

          ဥပဒေရေးရာဝန်ကြီးဌာန၊ နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော အရာထမ်း၊ အမှုထမ်းများအား ၂၀၂၄ ခုနှစ်၊ မဟာသင်္ကြန်ကာလအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနား ကို ယနေ့ နေ့လယ်ပိုင်းက မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တက်ရောက်၍ အမှာစကား ပြောကြား ပါသည်။

ထိုသို့ ပြောကြားရာတွင် မဟာသင်္ကြန် ကာလအတွင်း အရာထမ်း၊ အမှုထမ်းများ အနေဖြင့် နှစ်ဟောင်းကာလကို ပြန်လည်သုံးသပ်၍ မိမိအတွက်၊ မိမိပတ်ဝန်းကျင်အတွက်နှင့် တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးရှိစေမည့် အကြံအစည်၊ အပြောအဆို၊ အလုပ်အကိုင်များ ဆောင်ရွက်ကြ ရန်လိုကြောင်း၊ နှစ်ဟောင်းက အညစ်အကြေး မှန်သမျှကို ကိုယ်ရောစိတ်ပါ စင်ကြယ်သန့်ရှင်းပြီး နှစ်သစ်မှာ မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်နိုင်ကြပါစေကြောင်း၊ ဆုမွန် ကောင်း တောင်းပါကြောင်း၊ အရာထမ်း၊ အမှုထမ်းများ အနေဖြင့် တရားဘာဝနာ အားထုတ်နိုင်ရန်၊ ကုသိုလ်ကောင်းမှုများ ပြုလုပ်လှူဒါန်းနိုင်ရန်၊ အခြားလူမှုရေးကိစ္စများ ဆောင်ရွက်နိုင်ရန် အထောက် အပံ့ဖြစ်စေရန် အလို့ငှာ ဝန်ကြီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့် ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးတို့က ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များအား မိမိတို့ ဦးစီးဌာနများရှိ အရာထမ်း၊ အမှုထမ်းများကို ထပ်ဆင့်ထုတ် ပေးနိုင်ရန်အတွက် ထောက်ပံ့ငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး၊ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသူများထဲမှ ညွှန်ကြားရေးမှူး(၁)ဦးက ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပတ်သက်၍  ဝန်ထမ်းများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဥပ‌ဒေရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ အပါအဝင် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပါသည်။

(သတင်းစဉ်)