ဥပ‌ဒေရေးရာဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် မဟာသင်္ကြန် အကြို စတုဒိသာ ကျွေးမွေး၍  ပျော်ပွဲရွှင်ပွဲများ ကျင်းပ

နေပြည်တော်   ဧပြီ   ၁၂

          ဥပဒေရေးရာဝန်ကြီးဌာန၊ နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းများ၏ ၂၀၂၄ ခုနှစ်၊ မဟာသင်္ကြန် အကြို စတုဒိသာ ကျွေးမွေးခြင်းနှင့် ပျော်ပွဲရွှင်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ဥပဒေရေးရာဝန်ကြီးရုံးရှေ့၌ ကျင်းပပြုလုပ်ရာ ဦးစွာပထမ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက မဟာသင်္ကြန်ပွဲတော်သည် မြန်မာ့ယဉ်ကျေးမှုကို မဏ္ဍိုင်ပြု၍ သင်္ကြန်ရေ ပက်ဖျန်းခြင်း အလေ့အထနှင့် နှစ်ဟောင်းမှ အညစ် အကြေးများကို ရေစင် ရေသန့်တို့နှင့် ပက်ဖျန်းခြင်းဖြင့် စိတ်ကြည်လင် လန်းဆန်း အေးမြစေရန် ဖြစ်ကြောင်း၊ နှစ်သစ်တွင် ပျော်ရွှင်ကျန်းမာ ကြပါစေကြောင်း၊ စိတ်သစ် ကိုယ်သစ်ဖြင့် နိုင်ငံ့ တာဝန် မိသားစုတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူများ ဖြစ်ကြပါစေကြောင်း၊ ကမ္ဘာသူ ကမ္ဘာသား အားလုံးနှင့် မြန်မာနိုင်ငံသား အားလုံးလည်း ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး ချမ်းသာသုခနှင့် ပြည့်စုံ ကြပါစေကြောင်း နှစ်သစ်ဦး မင်္ဂလာစကား ပြောကြားပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီမှ ညွှန်ကြားရေးမှူးချုပ်များကလည်း နှစ်သစ်အတွက် ဆုတောင်းစကား အသီး သီးပြောကြားခဲ့ ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် နှင့်အဖွဲ့သည် ဥပဒေရေးရာ ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအား စတုဒိသာ ကျွေးမွေးနေမှုများ၊ သင်္ကြန်တေးသီချင်း များဖြင့် သီဆိုဖျော်ဖြေမှုများ၊ ၁၀ ဦး ယိမ်းအဖွဲ့၊ ၁၆ ဦး ယိမ်းအဖွဲ့များမှလည်း ကပြဖျော်ဖြေ နေမှု များကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် ကြသည်။

အဆိုပါ အခမ်းအနားသို့ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး အခမ်းအနားကို ညနေပိုင်းတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)