စကားရပ်များပြောင်းလဲသတ်မှတ်သည့်ဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မေ ၂
စကားရပ်များပြောင်းလဲသတ်မှတ်သည့်ဥပဒေ (မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက် အပြီးသတ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ် ၁ နာရီအချိန်တွင် နေပြည်တော်ရှိ ဥပဒေရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်ဒေါက်တာထိန်လင်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်နှင့် တာဝန်ရှိသူများ၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသီတာစန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနသည် ၁၅-၁၁-၁၉၀၆ ရက်နေ့တွင် အခွန်ဝန်ကြီးဌာနအောက်၌ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန အဖြစ် စတင် ဖွဲ့စည်းခဲ့ကြောင်း၊ ၁၅-၁-၂၀၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂၀၁၅) ဆုံးဖြတ်ချက်အရ နိုင်ငံတကာအသုံးအနှုန်းနှင့် လျော်ညီမှုရှိစေရန် “လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန” ဟု အမည်ပြောင်းခဲ့ သော်လည်း ဌာန၏ မူလလုပ်ငန်းစဉ်များအရလည်း‌ကောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၁ တွင် “ကြေးတိုင်နှင့်မြေစာရင်း” ဟု ဖော်ပြထားခြင်းကြောင့်လည်းကောင်း မူလအမည် ဖြစ်သည့် “ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန” ဆိုသည့် အမည်နှင့်သာ ကိုက်ညီမှု အရှိဆုံး ဖြစ်သည့်အတွက် ဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်နှင့်ညွှန်ကြားချက်များတွင် ပါရှိသော ဦးစီးဌာန၏အမည်ကိုပြောင်းလဲလို၍  အဆိုပါဥပဒေ(မူကြမ်း)ကို ရေးဆွဲရခြင်း ဖြစ်ကြောင်း တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက စကားရပ်များ ပြောင်းလဲသတ်မှတ်သည့် ဥပဒေကို သက်ဆိုင်ရာဝန်ကြီးဌာနတစ်ခုချင်းအလိုက် ရေးဆွဲပြဋ္ဌာန်းခြင်းမှာ သင့်လျော်မှန်ကန်မှုမရှိကြောင်း၊ ဥပဒေများ၊ နည်းဥပဒေများနှင့် အမိန့်၊ ညွှန်ကြားချက် များတွင်ပါရှိသော လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနဆိုသည့် စကားရပ်ကို ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနဆိုသည့် စကားရပ်အဖြစ် ပြောင်းလဲသတ်မှတ်နိုင်ရေး အတွက်  လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရန် ဥပ‌ဒေအသစ်တစ်ရပ်ပြဋ္ဌာန်းမည့်အစား အခြား‌ လျော်ကန်သင့်မြတ်သည့် နည်းလမ်းဖြင့်သာ ဆောင်ရွက်သင့်ကြောင်း ပြောကြားပြီး ဆောင်ရွက် ရမည့်အလျော်ကန်ဆုံးနည်းလမ်းကို ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းစဉ်