နေပြည်တော် ဇူလိုင် ၂၄

သက်ဆိုင်ရာအစိုးရဌာနအစိုးရအဖွဲ့အစည်း အသီးသီးတွင်တာဝန်ထမ်းဆောင်လျက်ရှိသည့် အလယ်အလတ်အဆင့်နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်း၊ (ပထမထပ်) သင်တန်းခန်းမ (MOLA Lecture Hall) ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ယခုသင်တန်းသည် ဥပဒေရေးရာဝန်ကြီးဌာနအတွက် ၂၀၂၄ ခုနှစ်အတွင်း ပထမဆုံးဖွင့်လှစ်သည့် သင်တန်းဖြစ်ပါကြောင်း၊ သင်တန်းကိုသက်ဆိုင်ရာအစိုးရဌာန အစိုးရ အဖွဲ့အစည်းအသီးသီးမှ လက်ထောက်ညွှန်ကြားရေးမှူးအဆင့်အထိ အလယ်အလတ်အဆင့် သင်တန်းသားသင်တန်းသူ (၆၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလ (၂၄ )ရက် သင်တန်းချိန် (၆၉) ချိန် သင်ကြားပို့ချခဲ့ပါကြောင်း၊
သင်တန်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၏လုပ်ငန်းတာဝန်များအား သိရှိစေခဲ့ပြီး အလယ် အလတ်အဆင့် နိုင်ငံ့ဝန်ထမ်းများသိသင့်သိထိုက်သည့် ဥပဒေရေးရာကိစ္စရပ်များ သင်ကြားပို့ချ ခဲ့ပါကြောင်း၊ ဥပဒေရေးဆွဲရေးအခြေခံ၊ စီးပွားရေးစာချုပ်စာတမ်းများအားစိစစ်ခြင်း၊ အပြည်ပြည် ဆိုင်ရာဥပဒေနှင့်အာဆီယံ (Legal Instruments) များအကြောင်း၊ အထွေထွေဥပဒေအကြံဉာဏ် ပေးခြင်း၊ တရားမမှုစွဲဆိုခြင်း စသည့်ဘာသာရပ်များအား ပို့ချခဲ့ပါကြောင်း၊
ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်းအနေဖြင့် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းများဖွင့်လှစ်ခြင်းကိစ္စများအား အဓိကဆောင်ရွက်နေကြောင်း၊ လူတိုင်းလူတိုင်း ဥပဒေ အသိပညာရှိသင့်သောကြောင့် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ ပါဝင်ဆောင်ရွက်ရာတွင် ဥပဒေ အသိပညာဗဟုသုတများတိုးပွားစေရေးအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းများ ပေးသည့် လုပ်ငန်းစဉ်များဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းမျာသည်လည်း မိမိတို့ဌာနလုပ်ငန်းအလိုက် ဥပဒေအသိပညာရှိရန်လိုအပ်သောကြောင့် ယခုကဲ့သို့သင်တန်းများ ဖွင့်လှစ်ပို့ချပေးနေခြင်း ဖြစ်ပါကြောင်း၊
ဥပဒေအသိပညာပြန့်ပွားရေးဆိုရာတွင် ဥပဒေသင်တန်းပေးခြင်းသာမက ဥပဒေစာအုပ်များ ထုတ်ဝေခြင်း၊ ဥပဒေသုတေသနများပြုလုပ်ခြင်း၊ ဥပဒေသတင်းအချက်အလက်မျှဝေခြင်းတို့ ပါဝင်ပြီး ဥပဒေသင်တန်းပေးခြင်းမှာ အဓိကကျသည့် လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊
ယခုသင်တန်းအပြင် အဆင့်မြင့်နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်း၊ နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းများ ဖွင့်လှစ်မည်ဖြစ်သည့်အပြင် မကြာမီ ဥပဒေအသိပညာပြန့်ပွားရေးဒီပလိုမာသင်တန်း ဖွင့်လှစ်ပို့ချ မည်ဖြစ်ပါကြောင်း၊ ယင်းသင်တန်းများတွင်လည်း ယခုသင်တန်းသားများဆက်လက် တက်ရောက် ခွင့်ရရှိမည်ဟု မျှော်လင့်ပါကြောင်း။
ယခုသင်တန်းတွင် သင်တန်းသားများထံမှ သင်တန်းဆိုင်ရာဆန်းစစ်ချက်များ ကောက်ယူ ခဲ့ပြီး သင်တန်းသားများ၏ အကြံပြုချက်များနှင့်အညီ နောင်ဖွင့်လှစ်မည့် သင်တန်းများတွင် ပိုမိုကောင်း မွန်အောင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းမှရရှိသည့် ဥပဒေ ပညာရပ်ဆိုင်ရာဗဟုသုတများကို နိုင်ငံတော်နှင့်မိမိတို့ဌာနများအတွက် အကျိုးရှိစွာအသုံးချနိုင် မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က သင်တန်း ပြီးမြောက်အောင်မြင်စွာ တက်ရောက်ခဲ့ကြသည့် အစိုးရဌာနအစိုးရအဖွဲ့အစည်းများမှ သင်တန်းသား (၆၀) ဦး ကိုယ်စားသင်တန်းသား ကိုယ်စားလှယ်နှစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသားကိုယ်စားလှယ်တစ်ဦးမှ သင်တန်းတက်ရောက်ခွင့် ရရှိခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများဖြစ်ကြသည့် အစိုးရဌာနအစိုးရအဖွဲ့အစည်းများမှ သင်တန်သား (၆၀) ဦးတို့ တက်ရောက်ကြကြောင်းသိရသည်။
(သတင်းစဉ်)
