နေပြည်တော် အောက်တိုဘာ ၂၈

အဆင့်မြင့်နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအသိ ပညာပြန့်ပွားရေးသင်တန်းကျောင်း (LAC) ၊ ပထမထပ်သင်တန်းခန်းမ (MOLA Lecture Hall) ၌ ကျင်းပသည်။
ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအသိပညာပြန့်ပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်ယုယုခင်က ယခုသင်တန်းကို ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီး ဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူး အဆင့် အရာထမ်းများအား ဥပဒေရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း၊
ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ အရာထမ်းများအတွက် ရာထူးအဆင့်အလိုက် (၃)မျိုးခွဲ၍ သင်တန်းပို့ချလျက်ရှိကြောင်း၊ ညွှန်ကြား ရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့် နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေ အသိပညာပြန့်ပွားရေးသင်တန်း၊ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးအဆင့် အဆင့်မြင့် နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း၊ လက်ထောက်ညွှန်ကြားရေးမှူး နှင့်ဦးစီးအရာရှိအဆင့်ရှိသော အလယ်အလတ်အဆင့်နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းတို့ ဖြစ်ပါကြောင်း၊
နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းတွင် ဥပဒေ ရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆုံးဖြတ်နိုင်သည့် Decision Role ဆောင်ရွက်နိုင်သည်အထိ ဦးတည်၍ သင်တန်းပို့ချခြင်းဖြစ်ပါကြောင်း၊ အဆင့်မြင့်နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိ ပညာပြန့်ပွားရေးသင်တန်းတွင် ဌာနတစ်ခု၏လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် ရသည့် Implementation Role ၌ ဆောင်ရွက်နိုင်သည်အထိ ဦးတည်၍ သင်တန်းပို့ချခြင်း ဖြစ်ပါကြောင်း၊ အလယ်အလတ်အဆင့်နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းတွင် ပံ့ပိုးဆောင်ရွက်ပေးနိုင်သည့် Supporting Role တွင် ဆောင်ရွက်နိုင်သည့်အထိ ဦးတည်၍ သင်တန်းပို့ချခြင်းဖြစ်ပါကြောင်း၊ အဆိုပါသင်တန်း (၃) ခုအား ရည်ရွယ်ချက် (၃)ခုဖြင့် အဆင့်အလိုက်သင်တန်းပို့ချခြင်း ဖြစ်ပါကြောင်း၊
နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းမှာ အမှတ်စဉ် (၄) အထိ ဖွင့်လှစ်ပို့ချပြီးဖြစ်ပါကြောင်း၊ အမှတ်စဉ် (၅) အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ဖွင့်လှစ်ရန် စီစဉ်ထားပါကြောင်း၊ အလယ်အလတ်အဆင့်နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိ ပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၁) သင်တန်းအား ယခုနှစ်အတွင်း ဖွင့်လှစ်ပို့ချခဲ့ပြီး ယခု အဆင့်မြင့်နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၁) အား အောင်မြင်စွာ ဖွင့်လှစ်ပို့ချခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုသင်တန်းမှာ ၂၇-၈-၂၀၂၄ ရက်နေ့ မှ ၂၈-၁၀-၂၀၂၄ ရက်နေ့အထိ အသားတင်သင်တန်းပို့ချရက်ပေါင်း ၄၀ ဖြင့် စာသင်ချိန် ၈၀ ချိန် ဖြစ်ပါကြောင်း၊
ယခုသင်တန်းတွင်ပို့ချသည့် အကြောင်းအရာများမှာ ဥပဒေရေးရာဝန်ကြီးဌာနမှဦးစီးဌာန များက ဆောင်ရွက်လျက်ရှိသော ဥပဒေရေးရာကိစ္စရပ်များအပြင် အဆင့်မြင့်နိုင်ငံ့ဝန်ထမ်းများ သိသင့်သိထိုက်သည့် ဥပဒေဘာသာရပ်များကို ထည့်သွင်းပို့ချပေးခဲ့ကြောင်း၊ သင်တန်းတွင် ပို့ချခဲ့သည့် ဥပဒေမူကြမ်းရေးဆွဲခြင်းဘာသာရပ်ကို ဦးစီးဌာန(၁) ရှိ ညွှန်ကြားရေးမှူးနှင့် အခြား အဆင့်အရာရှိများက ပို့ချပေးခဲ့ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အာဆီယံဥပဒေများ လက်တွေ့အသုံးချမှုဘာသာရပ်၊ စီးပွားရေးစာချုပ် စာတမ်းများစိစစ်ခြင်းဆိုင်ရာဘာသာရပ်၊ အထွေထွေဥပဒေအကြံပေးဘာသာရပ်များကို ဦးစီးဌာန(၂)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ကိုယ်တိုင် ဦးဆောင်၍ ညွှန်ကြားရေးမှူးနှင့် အခြားအဆင့်အရာရှိများက ပို့ချပေးခဲ့ပါကြောင်း၊ တရားမဆိုင်ရာဘာသာရပ်များကို တရားမဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့် အခြားအဆင့်အရာရှိ များမှ သင်ကြားပို့ချပေးခဲ့ပါကြောင်း၊ သင်တန်းပို့ချပေးခဲ့သော ဆရာ/ဆရာမများမှာ သက်ဆိုင်ရာ ဘာသာရပ်တွင် ကျွမ်းကျင်သူများဖြစ်သည့်အပြင် စာတွေ့သာမက လက်တွေ့ပိုင်းတွင်ပါ ၎င်းတို့၏ Knowledge များကို Sharing ပြုလုပ်၍ စိတ်ရောကိုယ်ပါ သင်ကြားပို့ချပေးခဲ့ပါကြောင်း၊ ထိုကြောင့် ဥပဒေရေးရာဝန်ကြီးဌာနမှ ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းများကို အောင်မြင်စွာဖွင့်လှစ် ပို့ချနိုင်ခဲ့ပါကြောင်း၊ ဘာသာရပ်ဆိုင်ရာ ဆရာ/ဆရာမများ အနေဖြင့် သင်တန်းအပေါ်တွင် ကိုယ်ရောစိတ်ပါ စေတနာဖြင့်အားသွန်ခွန်စိုက် သင်ကြားပို့ချသည့်အပြင် သင်တန်းအား အစမှ အဆုံးအထိ အစစအရာရာ လိုလေသေးမရှိ ပံ့ပို့ပေးခဲ့သည့် မိမိတို့ဦးစီးဌာန လေ့ကျင့်သင်ကြားရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး၊ အရာထမ်း အမှုထမ်းများ၏ ပူးပေါင်းဆောင်ရွက်ချက်များလည်း ပါရှိပါကြောင်း၊ ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှု ကြောင့်လည်း မိမိတို့အနေဖြင့် အောင်မြင်သည့် သင်တန်းများကို ဆက်တိုက်ဖွင့်လှစ်ပို့ချ နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊
သင်တန်းသားများအနေဖြင့်သင်တန်းမှ ဥပဒေအသိပညာဗဟုသုတများကို စာတွေ့လက်တွေ့ ကိုယ်တိုင်ရရှိခဲ့သည့်အတွက် မိမိလုပ်ငန်းခွင်တွင် ဥပဒေရေးရာကိစ္စရပ်များကို ယခင်က ထက်ပို၍ ထိရောက်စွာဆောင်ရွက်နိုင်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း၊
ယခုသင်တန်းမှာ ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းသာမက ဆရာဖြစ် သင်တန်း Training of Trainer (TOT) သင်တန်းဖြစ်ပါကြောင်း၊ ထို့ကြောင့် သင်တန်း တက်ရောက်ခဲ့ကြသော သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ယူရရှိခဲ့သော ဥပဒေဗဟုသုတအသိပညာများကို မိမိလုပ်ငန်းခွင်တွင် လက်တွေ့အသုံးချပြီး ဌာနအတွက် အကျိုးရှိစွာ၊ ပိုမိုထိရောက်စွာ ဆောင်ရွက် နိုင်မည့်အပြင် မိမိဝန်ကြီးဌာန အဖွဲ့အစည်းများတွင် ထပ်ဆင့်ပြီး ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းဆင့်ပွားသင်တန်းများတွင် သင်တန်းပို့ချနိုင်မည့် ဆရာများဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊
သင်တန်းသားသင်တန်းသူများအနေဖြင့် သင်တန်းမှရရှိသော ဗဟုသုတများကို ထပ်ဆင့် လက်ကမ်းပေးကာ နိုင်ငံ့အကျိုးကိုသယ်ဆောင်နိုင်မည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်ပါစေ ဆန္ဒ ပြုပါကြောင်း ပြောကြားသည်၊
သင်တန်း ဆင်းပွဲအခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအသိပညာပြန့်ပွားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်ယုယုခင်၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းဆရာများ၊ ဥပဒေအသိပညာပြန့်ပွားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူများနှင့် သင်တန်းသားသင်တန်းသူများ၊ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
