နိုင်ငံ့ဝန်ထမ်းဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာလ ၅

နိုင်ငံ့ဝန်ထမ်းဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်းသည့် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌဦးအောင်သော်နှင့် အဖွဲ့ဝင်များဖြစ်ကြသော ဦးဆန်းမြင့်နှင့် ဒေါ်ခင်မျိုးမြင့်၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်း၊ ဝန်ထမ်းရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မိုးဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာ စကားပြောကြားပြီးနောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်က ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ပြည်လည်သုံးသပ်ချက်များအရ နိုင်ငံ့ဝန်ထမ်းများ၏ အရည်အသွေး တိုးတက်စေရေးနှင့်စိတ်ဓာတ်ခံယူချက်မှန်ကန်စေရေးတို့အတွက် လေ့ကျင့်ပညာပေးမှုအပေါ် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ရာထူးဝန်အဖွဲ့က ရာထူးအဆင့်အလိုက် သတ်မှတ်ထားသော သင်တန်းများအပြင် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ရာထူးတိုးမြှင့်ပေးရန်လျာထားသူများအား ယင်းအဆင့်နှင့် လျော်ညီစွာ စီမံခန့်ခွဲအုပ်ချုပ်နိုင်သည့် အရည်အသွေးများရှိစေရေးတို့အတွက် အခြားသောဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများက ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ရာထူးတာဝန် အတွက်ရည်ရွယ် ဖွင့်လှစ်သော အဆင့်မြင့်သင်တန်းများကိုလည်း တက်ရောက်ရန် လိုအပ်မည် ဖြစ်၍ နိုင်ငံ့ဝန်ထမ်း ဥပဒေကို တတိယအကြိမ် ပြင်ဆင်လိုခြင်းဖြစ်ကြောင်း ဤဥပဒေကို ပြဋ္ဌာန်းနိုင်ခြင်းဖြင့် ရေရှည်အားဖြင့် ဝန်ထမ်းအဖွဲ့အစည်းတွင် အကျိုးရှိမည်ဖြစ်ပြီး တည်ငြိမ်သည့် ဝန်ထမ်းအဖွဲ့အစည်း ဖြစ်လာစေရန် သင်တန်းနှင့် ရာထူးတိုးမြှင့်ခြင်းကို ဆက်စပ်ပေးထားခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦးက နိုင်ငံ့ဝန်ထမ်းဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ (မူကြမ်း)သည် နိုင်ငံတော်အတွက် ပြဋ္ဌာန်းရန်လိုအပ်သောဥပဒေဖြစ်ကြောင်း သုံးသပ်တွေ့ရှိရ သဖြင့် ဥပဒေပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

                                                                                                        သတင်းစဉ်