ဥပဒေရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်ရုံးများနှင့် အဆင့်ဆင့်သော ဥပဒေရုံးမိသားစုများ၏ (၁၉)ကြိမ်မြောက် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာလ ၉ ရက်

ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်အမှူးပြုသော တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်ရုံးများနှင့် အဆင့်ဆင့်သော ဥပဒေရုံးမိသားစုများ၏ (၁၉)ကြိမ် မြောက် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၀၉:၀၀ နာရီ အချိန်က  နေပြည်တော်၊ ရုံးအမှတ်-၂၅၊ ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စု ရှေ့နေချုပ်၊ ဝန်ကြီးရုံး ညွှန်ကြား‌ရေးမှူးချုပ်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြား ရေးမှူးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာပထမ ပုပ္ဗသီရိမြို့နယ်၊ သံဃနာယကအဖွဲ့ အတွင်း‌‌ရေးမှူးဆရာတော် ဘဒ္ဒန္တဦးစန္ဒိမာ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး၊ ရေစက်သွန်းချ အမျှပေးဝေကြသည်။ ဆက်လက်၍ ဆရာဒကာကျောင်းဖြစ်သည့် ဝေဇယန္တာကျောင်းဆရာတော် ဘဒ္ဒန္တဦးဇဋိလထံ တာဝန်ရှိသူများက ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု အစုစုတို့ကို ဆက်ကပ်လှူဒါန်းကြပြီးနောက် ပင့်သံဃာတော် များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြပါသည်။

ယနေ့ကျင်းပပြုလုပ်သော ဥပဒေရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ် ရုံးများနှင့် အဆင့်ဆင့်သော ဥပဒေရုံးမိသားစုများ၏ ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေ စုစုပေါင်းမှာ ကျပ် ၆၉ သိန်းခန့် တန်ဖိုးရှိကြောင်း သိရသည်။

(သတင်းစဉ်)