နေပြည်တော်၊ နိုဝင်ဘာလ ၂၆ ရက်

ဥပဒေရေးရာဝန်ကြီးဌာန နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား လက်မှတ် ရေးထိုးခဲ့သော ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာအရ ဆောင်ရွက်ရေးအစီအစဉ် (၂၀၂၄-၂၀၂၅) အားအကောင်အထည်ဖော်သည့်အနေဖြင့် ကျင်းပသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကျွမ်းကျင်သူ များ၏ ဥပဒေဆိုင်ရာဟောပြောပွဲ အခမ်းအနားကို နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်း၌ ၂၆-၁၁-၂၀၂၄ ရက်နေ့တွင် ကျင်းပရာ အဆိုပါ အခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ဥပဒေရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးဦးမျိုးတင့်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီ ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဒေါက်တာခင်မောင်ဦး ၊ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဗိုလ်မှူးချုပ်မျိုးမင်း ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ်ရုံးမှ ပြစ်မှုဆိုင်ရာအမှုများ တရားစွဲနှင့် အမှုလိုက်ဌာန၏ ဌာနအကြီးအကဲ Mr. BAZHUTOV Sergey ဦးဆောင်သော ရုရှားဖက်ဒရေးရှင်း နိုင်ငံမှကျွမ်းကျင်ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်း နိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ဥပဒေရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဥပဒေရေးရာဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးမှ သင်တန်းသား/ သူများတက်ရောက်ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး မှ ယနေ့ပြုလုပ်သည့် ဥပဒေဆိုင်ရာဟောပြောပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးမှ ကျွမ်းကျင် ကိုယ်စားလှယ် ၃ ဦးက ဒီဂျစ်တယ်နည်းပညာအသုံးပြု၍ ပြစ်မှုကျူးလွန်ခြင်း အပေါ် ခြေရာခံထောက်လှမ်းခြင်း အပါအဝင် နည်းပညာအသုံးပြု၍ ဂိုဏ်းဖွဲ့ကျူးလွန်သောမှုခင်းများ ကိုတိုက်ဖျက်ခြင်းနှင့်စပ်လျဉ်း၍ ကြုံတွေ့ရသည့်စိန်ခေါ်မှုများနှင့် ကာကွယ်တားဆီးခြင်း နည်းလမ်းများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံအတွင်း နိုင်ငံခြားနှင့်အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များ၏ တရားမဝင်ဆောင်ရွက်မှုများအပေါ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ကာကွယ်တားဆီးရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ခြင်း ဆိုင်ရာ သိကောင်းစရာများကို ဘာသာရပ်အလိုက်ဟောပြော သွားမည်ဖြစ်ကြောင်း၊ ဟောပြော မည့်ဘာသာရပ်ဆိုင်ရာခေါင်းစဉ်များသည် မြန်မာနိုင်ငံတွင် သာမက နိုင်ငံတကာတွင် ကြုံတွေ့ နေရသည့် အုပ်စုဖွဲ့ကျူးလွန်သော နိုင်ငံဖြတ်ကျော်မှုခင်းများတွင် ပြစ်မှုကျူးလွန်သူများက အဆင့်မြင့်နည်းပညာများကို အသုံးပြုလာကြသည့်အတွက် နိုင်ငံအလိုက်ရင်ဆိုင်ဖြေရှင်း နေရ သည့် မှုခင်းများဖြစ်ပြီး မှုခင်းများကို ဖြေရှင်းသောအခါ နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှု သတင်းအချက်အလက်မျှဝေမှုသည်လည်း အလွန်အရေးကြီးပါကြောင်း၊ ထို့ကြောင့် အဆင့်မြင့် နည်းပညာအသုံးပြုပြီး အုပ်စုဖွဲ့၊ ဂိုဏ်းဖွဲ့ ပြစ်မှုကျူးလွန်သူများကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ခြေရာခံထောက်လှမ်းခြင်းနှင့် ကာကွယ်တားဆီးသော နည်းလမ်းများကို သိရှိနိုင်ရန် ဟောပြော မှာဖြစ်သည့်အတွက် မိမိတို့နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သည် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ တိုက်ဖျက်ရေး ကုလသမဂ္ဂကွန်ဗင်းရှင်း (United Nations Convention against Transnational Organized Crime) ၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပြီး အာဆီယံ နိုင်ငံများအကြားပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် အပြန်အလှန်အကူအညီပေးရေး ဆိုင်ရာအာဆီယံသဘောတူစာချုပ် (Mutual Legal Assistance in Criminal Matters-MLAT) ၏ အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်ကြောင်း၊ ဤသဘောတူစာချုပ်အရ နယ်စပ်ဖြတ်ကျော်ဆောင်ရွက် သော ပြစ်မှုကျူးလွန်သူများကို တရားစွဲဆိုနိုင်ခြင်း၊ တရားခံလွှဲပြောင်းရေးနှင့် သက်သေခံ အထောက်အထားများ ဖလှယ်နိုင်ခြင်းတို့တွင် ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများအပါအဝင် ပြစ်မှု ဆိုင်ရာ ကိစ္စရပ်များအား တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်မှုကို လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံဖြတ်ကျော်မှုခင်းများကို ကာကွယ်တားဆီးခြင်းနှင့် စပ်လျဉ်း၍ ပြည်တွင်းအထူးဥပဒေများအနေဖြင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ တရားခံ လွှဲပြောင်းရေးဥပဒေ၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်းအကူအညီပေးရေးဥပဒေ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့ကို ပြဋ္ဌာန်းထား သည့်အပြင် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍လည်း နိုင်ငံတကာနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအတွင်း နိုင်ငံခြားနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ တရားမဝင်ဆောင်ရွက်မှုများအပေါ် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏ ကာကွယ်တားဆီးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုလည်း ယခုဟောပြောပွဲမှ သိရှိ လေ့လာခွင့်ရရှိမှာ ဖြစ်သည့်အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ခြင်း နှင့်စပ်လျဉ်း၍လည်းသိရှိ မှတ်သားခွင့်ရမှာဖြစ်သည့်အတွက် မိမိတို့နိုင်ငံအတွက်များစွာ အထောက် အကူ ဖြစ်စေမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ တရားမျှ တမှု ရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီးဥပဒေရေးရာဝန်ကြီးဌာန အနေဖြင့် လည်း ပြည်သူများအား ဥပဒေအသိပညာပေးရေးဆောင်ရွက်လျက်ရှိသကဲ့သို့ ဥပဒေဗဟုသုတ ဖလှယ်ရေးနှင့် နည်းပညာအကူအညီများရရှိရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံ တကာမှဥပဒေနှင့် တရားရေးဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ဥပဒေရေးရာပူးပေါင်း ဆောင်ရွက်မှုအား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ဥပဒေရေးရာကဏ္ဍအတွက် ဝန်းကျင် ကောင်းတစ်ရပ် ဖန်တီးရာတွင် အတွေ့အကြုံ၊ ဗဟုသုတအသစ်များ ရရှိနိုင်မည်ဖြစ်ပြီး တရားဥပဒေစိုးမိုးရေးကိစ္စတွင်လည်း အထောက်အကူပြုနိုင်မည်ဖြစ်သည့် အကျိုးကျေးဇူး ရရှိ နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့ပြင်ဆက်လက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ်ရုံးမှ ကျွမ်းကျင် ကိုယ်စားလှယ် ၃ ဦး မှ ပြစ်မှုများအားကနဦး စုံစမ်းထောက်လှမ်းခြင်းနှင့် သက်သေများ ရှာဖွေခြင်းဆိုင်ရာဌာန မှ Senior Prosecutor ဖြစ်သူ Mr. GUDKOV Nikolay မှ “ဒီဂျစ်တယ်နည်းပညာအသုံးပြု၍ ပြစ်မှုကျူးလွန်ခြင်းအပေါ် ခြေရာခံထောက်လှမ်းခြင်း အပါအဝင် နည်းပညာအသုံးပြု၍ ဂိုဏ်းဖွဲ့ ကျူးလွန်သောမှုခင်းများကို တိုက်ဖျက်ခြင်း နှင့်စပ်လျဉ်း၍ ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့် ကာကွယ်တားဆီးခြင်းနည်းလမ်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဌာနမှ Senior Prosecutor ဖြစ်သူ Mr SHEVCHENKO Vitaly မှ “ရုရှားဖက်ဒရေးရှင်းနိုင်ငံ အတွင်း နိုင်ငံခြားနှင့်အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ တရားမဝင် ဆောင်ရွက်မှုများ အပေါ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ကာကွယ်တားဆီးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဌာနမှ Senior Prosecutor ဖြစ်သူ SHIKHANOVA Anna မှ “ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ခြင်းဆိုင်ရာ သိကောင်းစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း စသည့်ဘာသာရပ်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဟောပြောဆွေးနွေးပို့ချခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာသော ဥပဒေရေးရာဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ သင်တန်းသား/သူများက ဟောပြောဆွေးနွေးပို့ချချက်များ အပေါ် မေးခွန်းများ မေးမြန်းခြင်းဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ဟောပြောပွဲအပြီးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးမှ ပြစ်မှုဆိုင်ရာအမှုများ တရားစွဲနှင့် အမှုလိုက်ဌာန၏ ဌာနအကြီးအကဲ Mr. BAZHUTOV Sergey မှ ရုရှားဖက်ဒရေးရှင်း နိုင်ငံရှေ့နေချုပ်ရုံးက ပေးအပ်သော Certificate အား ဥပဒေရေးရာဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးမှ သင်တန်းသား/သူများပေးအပ်ခဲ့ပါသည်။ ထို့နောက် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းကျောင်းရှိ သရုပ်ပြတရားခွင်နှင့် E-Library များသို့ လှည့်လည်ကြည့်ရှုခဲ့ကြ ပါသည်။
ဆက်လက်၍ ဥပဒေရေးရာဝန်ကြီးဌာန၌ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးတို့အကြား “တရားရုံးများ၌ ရာဇဝတ်မှုနှင့် တရားမမှုများကို လိုက်ပါဆောင်ရွက် ရာတွင် အစိုးရရှေ့နေများ၏ ပါဝင်ဆောင်ရွက်မှုများနှင့် အစိုးရရှေ့နေများက အီလက်ထရောနစ် သက်သေခံချက်များအားတင်သွင်းဆောင်ရွက်ခြင်း” ခေါင်းစဉ်ဖြင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ဥပဒေရေးရာဝန်ကြီးဌာန၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဆွေဆွေအောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်ထွေးနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံရှေ့နေချုပ်ရုံးတို့မှ တာဝန်ရှိသူများက ဆွေးနွေးရှင်းလင်း အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
