ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး  H.E. Ms. Ma Jia အား လက်ခံတွေ့ဆုံ ဆွေးနွေး 

နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၃

ယနေ့ မွန်းလွဲပိုင်းအချိန်က ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်၊ ရုံးအမှတ်(၂၅)၊ ဥပဒေရေးရာဝန်ကြီးဌာနရှိ သံတမန်ဧည့်ခန်းမတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး  H.E. Ms. Ma Jia နှင့်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပါသည်။

ယင်းသို့ တွေ့ဆုံဆွေးနွေးရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး  Ms. Ma Jiaက မိမိတို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုဆိုင်ရာ မှုခင်းများ၊ အွန်လိုင်း လောင်းကစားနှင့် မူးယစ်ဆေးဝါး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နယ်စပ်ဖြတ်ကျော်မှုခင်းများအား မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ဥပဒေရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်လိုပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထွေထွေရွေး‌ကောက်ပွဲ ကျင်းပခြင်းဆိုင်ရာ ပြဌာန်းချက်များကိုလည်း သိရှိလိုပါကြောင်း မေးမြန်းဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။ ထို့အပြင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးက တရုတ်ပြည်သူ့သမ္မတ နိုင်ငံ အနောက်တောင်ပိုင်း နိုင်ငံ‌ရေးသိပ္ပံနှင့် ဥပဒေတက္ကသိုလ်သို့ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်သည် ဂုဏ်ထူးဆောင် ပါမောက္ခတစ်ဦးအနေဖြင့် လာရောက်သင်တန်းပို့ချပေးရန် ဖိတ်ခေါ်ပါကြောင်း၊ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်း(LAC)တွင် ဖွင့်လှစ်သင်ကြားပေးနေသည့် သင်တန်းများနှင့် ဥပဒေ ဒီပလိုမာ သင်တန်းများအတွက် လိုအပ်သော အကူအညီများကိုလည်း မိမိအနေဖြင့် အကူအညီများ ပေးလိုပါကြောင်း ဆွေးနွေးပြောကြားရာ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်က အကူအညီ‌ပေးလိုမှုအတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဥပဒေရေးရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ ပါသည်။

ထိုတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်နှင့်အတူ ဒုတိယ ဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြကြောင်း သိရပါသည်။

(သတင်းစဉ်)