နေပြည်တော် မတ် ၇

မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေ (မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက် အပြီးသတ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ ဥပဒေရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကိုလေး၊ ကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်ဗိုလ်မှူးချုပ် တက်လွင်ထွန်းနှင့် တာဝန်ရှိသူများ၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်းနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင်ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက အဖွင့်အမှာစကားပြောကြားပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကိုလေးက မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေကို မြန်မာ့ပင်လယ် အတွင်းပိုင်း ရေပြင်မှ သီးသန့် စီးပွားရေးဇုန်အထိ ရေပြင်နယ်နိမိတ်အတွင်း ရေကြောင်းဆိုင်ရာ လုံခြုံရေး ဆောင်ရွက်ခြင်း၊ ရေကြောင်းဆိုင်ရာ အမျိုးသားအကျိုးစီးပွားကာကွယ်ရေး၊ ပင်လယ် ရေကြောင်းဆိုင်ရာတရားဥပဒေစိုးမိုးရေး၊ ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ထိရောက်ဆောင်ရွက်နိုင်ရန်နှင့် ပင်လယ်ရေကြောင်းကိုအသုံးပြု၍ ဆောင်ရွက်နေသည့် တရားမဝင်လုပ်ငန်းများ၊ တရားမဝင်နိုင်ငံဖြတ်ကျော်ဝင်ရောက်မှု အပါအဝင် တရား မဝင် ဝင်ရောက်အခြေချနေထိုင်မှုများနှင့် ပင်လယ်ဓားပြမှုများကို တားဆီးနှိမ်နှင်း နိုင်ရန် ရည်ရွယ်၍ အဆိုပါဥပဒေ(မူကြမ်း)ကို ရေးဆွဲရခြင်း ဖြစ်ကြောင်း တင်ပြဆွေးနွေးပါ သည်။
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက အစည်းအဝေး တွင်ဆွေးနွေးချက်များအရ မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေသည် မြန်မာ့ပိုင်နက်ပင်လယ် အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများတားဆီးနိုင်ရန်အတွက် လိုအပ်ကြောင်း အစည်းအဝေးဆုံးဖြတ်ချက်အရ သုံးသပ်တွေ့ရှိရသဖြင့် အဆိုပါ ဥပဒေ(မူကြမ်း) အား ပြဋ္ဌာန်းနိုင်ရေးအပြီးသတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
(သတင်းစဉ်)
