ရုရှားဘာသာစကားဒီပလိုမာအောင်လက်မှတ်ချီးမြှင့်ခြင်းနှင့် ရုရှားဘာသာ စကားစွမ်းရည်ပြပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဩဂုတ် ၂၂ ရက်

ရုရှားဘာသာစကားဒီပလိုမာအောင်လက်မှတ်ချီးမြှင့်ခြင်းနှင့်ရုရှားဘာသာစကားစွမ်းရည်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ယနေ့အခမ်းအနားသည် ဥပဒေရေးရာဝန်ကြီးဌာနတွင် တစ်ခါမျှဆောင် ရွက်ဖူးခြင်းမရှိသေးသော ပထမဆုံးစာမျက်နှာသစ်ဖွင့်လှစ်သည့် အခမ်းအနားဖြစ်ပါကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန အနေဖြင့် ၂၀၂၅-၂၀၂၉ ခုနှစ် Building Legal Trust for The People “ပြည်သူ့အတွက် တည်ဆောက်လျက် ဥပဒေယုံကြည်ချက်” ဟူသည့် မဟာဗျူဟာ ရည်မှန်းချက် ဖြင့် ဆောင်ရွက်လျှက်ရှိပါကြောင်း၊

မဟာဗျူဟာအရ အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့်ဥပဒေရေးရာပူးပေါင်း ဆောင်ရွက်ခြင်း၊ ဥပဒေအရာရှိများ၏အရည်အသွေးနှင့် စွမ်းရည်ပြည့်ဝအောင်ဆောင်ရွက်ခြင်း၊  အရည်အသွေးပြည့်ဝသည့် ဥပဒေအကြံပြုချက်များ ပေးနိုင်အောင်ဆောင်ရွက်ခြင်းများ လုပ်ဆောင်နေပါကြောင်း၊

မဟာဗျူဟာကို အကောင်အထောင်ဖော်ဆောင်ရွက်ရန်အတွက် အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ်ရုံးနှင့်ဥပဒေရေးရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်နှင့် ဥပဒေသုတေသနလုပ်ငန်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နားလည်မှု စာချွန်လွှာ MOU ကို လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ပါကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ဥပဒေအရာရှိများအနေဖြင့်ရုရှားဘာသာစကားအား နားလည်တတ်ကျွမ်းရန် ကာကွယ်ရေးဝန်ကြီးဌာန နှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့ပူးပေါင်း၍ ယခုသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊

ယခုသင်တန်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ဥပဒေရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ဥပဒေအရာရှိ (၃၈) ဦး ဖြင့် တက်ရောက်ခဲ့ပါကြောင်း၊ မကြာမီကာလတွင် သင်တန်းသား(၂)ဦးမှာ ရုရှားနိုင်ငံသို့ပညာတော်သင်သွား ရောက်မည်ဖြစ်ပါကြောင်း၊

စစ်တက္ကသိုလ်၊ အဆင့်မြင့်စာပေပညာဗဟိုဌာန၊ ဘာသာစကားဌာန၊ ရုရှားဘာသာ စကားဌာနခွဲမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် Native Speaker တို့မှ သင်တန်းကို ရက်ပေါင်း ၂၂၀ ၊ သင်တန်းချိန်ပေါင်း ၁၃၂၀ ၊ ၃၀-၉-၂၀၂၄ မှ ၁၅-၈-၂၀၂၅ ထိ တစ်နှစ်ကြာ သင်ကြားပို့ချခဲ့ပြီး   Control Test ၊ Examination အကြိမ်ကြိမ် စစ်ဆေးခဲ့ပါကြောင်း၊ ဒီပလိုမာပေးအပ်ချီးမြှင့်သင့်ကြောင်း ထောက်ခံတင်ပြချက်အရ သင်တန်းသားဥပဒေအရာရှိ (၃၈) ဦးကို အောင်လက်မှတ်ယနေ့ပေးအပ်ချီးမြှင့်ခြင်းဖြစ်ကြောင်း၊

ရုရှားဘာသာစကား သင်ကြားတတ်မြောက်ခြင်းဖြင့် မိမိတို့နိုင်ငံနှင့်ရုရှားဖက်ဒရေးနိုင်ငံတို့ နိုင်ငံအချင်းချင်းသော်လည်း ကောင်း၊ Institution အချင်းချင်းသော်လည်းကောင်း ဥပဒေပူးပေါင်း ဆောင်ရွက်မှု ၊ဥပဒေသုတေသနပူးပေါင်းဆောင်ရွက်မှု အခြားသော နယ်ပယ်များတွင် ထဲထဲဝင်ဝင် ပိုမိုထိရောက်အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းတွင် ဆုရရှိသူများကို ဂုဏ်ပြုလက်မှတ် ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ပြင်ဦးလွင်စစ်တက္ကသိုလ်ပါမောက္ခချုပ် ဗိုလ်မှူးချူပ်သိန်းလွင်ကမိန့်ခွန်း ပြောကြားပြီး သင်တန်းသားဥပဒေအရာရှိများကို ရုရှားဘာသာစကားဒီပလိုမာ အောင်လက်မှတ် ချီးမြှင့်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများက ရုရှားဘာသာစကားစွမ်းရည်ပြပွဲ အခမ်းအနား ကျင်းပခဲ့ပါသည်။

သင်တန်းဆင်းပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယဝန်ကြီးများ စစ်တက္ကသိုလ် ပါမောက္ခချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ပြင်ပစာစစ်ဆရာများ၊ သင်တန်းဆရာများနှင့် သင်တန်းသားများတက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)