နေပြည်တော်၊ စက်တင်ဘာလ ၂၅ ရက်

(၁၅) ကြိမ်မြောက် တရုတ်-အာဆီယံရှေ့နေချုပ်များ ညီလာခံကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၌ ၂၂-၉-၂၀၂၅ ရက်နေ့မှ ၂၄-၉-၂၀၂၅ ရက်နေ့အထိ ကျင်းပ ပြုလုပ်ရာ အဆိုပါ ညီလာခံသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှေ့နေချုပ် H.E. Mr Ying Yong နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ရှေ့နေချုပ် H.E. Mr. Paul T K Lam တို့၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိပါသည်။
အဆိုပါညီလာခံသို့ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ရှေ့နေချုပ်၊ အာဆီယံ (၁၀)နိုင်ငံမှ ရှေ့နေချုပ် များ၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ရှေ့နေချုပ် နှင့် မကာအိုအထူးကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ ရှေ့နေချုပ်တို့ တက်ရောက်ခဲ့ကြပါသည်။
(၁၅)ကြိမ်မြောက် တရုတ်-အာဆီယံရှေ့နေချုပ်များညီလာခံကို “နည်းပညာခေတ်တွင် ငွေကြေး ခဝါချမှုနှင့် အဂတိလိုက် စားမှုများကို တိုက်ဖျက်ခြင်းနှင့် ပိုင်ဆိုင်မှုပစ္စည်းများကို ပြန်လည်ရယူ ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက တရုတ်-အာဆီယံရှေ့နေချုပ်များညီလာခံသည် ၂၀၀၄ ခုနှစ်တွင် စတင်ခဲ့ပြီး နှစ်ပေါင်း(၂၀) ရှိပြီဖြစ်ပါကြောင်း၊ ဤညီလာခံသည် နိုင်ငံတကာဥပဒေရေးရာ ပူးပေါင်းဆောင်ရွက် မှုများ မြှင့်တင်ရန်နှင့် နိုင်ငံဖြတ်ကျော်ပြီးကျူးလွန်သော ပြစ်မှုဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းရန် အတွက် အရေးပါသော ပလက်ဖောင်းတစ်ခု ဖြစ်ပါကြောင်း၊ ညီလာခံခေါင်းစဉ်အပေါ် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အကြားတွင်သာမက တရုတ် နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ပါကြောင်း၊ ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းကို အတည်ပြုချမှတ်နိုင်ခြင်းသည် အဂတိ လိုက်စားမှုကို ကိုင်တွယ်ဖြေရှင်းရန် ပြီးပြည့်စုံသော ချဉ်းကပ်မှုတစ်ခုဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံ ဖြတ်ကျော် အုပ်စုဖွဲ့မှုခင်း တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းတွင် ငွေကြေးခဝါချမှု များကို တိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် ဖော်ပြချက်များ ပါဝင်ပါကြောင်း၊ ကုလသမဂ္ဂအဂတိ လိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်းတွင်လည်း ငွေကြေးခဝါချမှုမှ ရရှိလာသည့် ပစ္စည်းများကို ထိန်းသိမ်းခြင်း၊ သိမ်းဆည်းခြင်း၊ ပြန်လည်ရယူခြင်း တို့နှင့်စပ်လျဉ်းသည့် ဖော်ပြချက်များ ပါဝင်ကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် နိုင်ငံဖြတ်ကျော်မှုခင်းများဖြစ်သော ငွေကြေးခဝါချမှု၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတို့အား တိုက်ဖျက်နိုင်ရန် စဉ်ဆက်မပြက် ဆောင်ရွက်လျက်ရှိရာ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းကို ၂၀၁၂ ခုနှစ်တွင် လည်းကောင်း နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုခင်းတိုက်ဖျက်ရေး ဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းကို ၂၀၀၄ ခုနှစ်တွင်လည်းကောင်း အတည် ပြုပါဝင်ခဲ့ပြီး အကြမ်း ဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းကို ၂၀၀၆ ခုနှစ်တွင် လက်မှတ်ရေးထိုးပါဝင်ခဲ့ပါကြောင်း၊ နိုင်ငံဖြတ်ကျော်မှုခင်းများအား တိုက်ဖျက်နိုင်ရန် ပြည်တွင်း ဥပဒေများကို အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းများ၊ စံနှုန်းများနှင့်အညီ ပြဋ္ဌာန်းထားပါကြောင်း၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၄ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေကို ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပါကြောင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၂၄-၂၀၂၈)ကိုချမှတ်၍ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများနှင့် ဆက်နွယ်သည့် သတင်းအချက်အလက်များကို စုံစမ်းထောက်လှမ်းရန် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်၌ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်း ရေးအဖွဲ့(Financial Intelligence Unit-FIU) ကိုလည်း ဖွဲ့စည်းထားရှိပါကြောင်း၊ အဆိုပါ ပြစ်မှုများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် အတွက် တရားစွဲအမှုလိုက်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော အရာရှိများနှင့် ဥပဒေ အရာရှိများအတွက် စွမ်းဆောင်ရည် မြှင့်တင်ခြင်းဆိုင်ရာ သင်တန်းများနှင့် နည်းပညာဆိုင်ရာ အထောက်အပံ့များကို ပံ့ပိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရနှင့်ပုဂ္ဂလိက ဖက်စပ်ဆောင်ရွက် ခြင်းနှင့် အပြည်ပြည်ဆိုင်ရာ အပြန်အလှန် အထောက်အကူပြုမှုများမှတစ်ဆင့် နိုင်ငံဖြတ်ကျော် မှုခင်းများကို တိုက်ဖျက်ကာ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို တိုးမြှင့်ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် အထူးသဖြင့် တရုတ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့နှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်၍ နိုင်ငံဖြတ်ကျော် ငွေကြေးဆိုင်ရာပြစ်မှုများ အွန်လိုင်းအသုံးပြု လိမ်လည်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် တရုတ်၊ မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်း၍ အွန်လိုင်းလိမ်လည်မှုများနှင့် တယ်လီကွန်းလိမ်လည်မှုများ ကဲ့သို့သော နယ်စပ်ဖြတ်ကျော်ငွေကြေးဆိုင်ရာ ရာဇဝတ်မှုခင်းများကိုလည်း ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် အာဆီယံ တရားခံလွှဲပြောင်းရေး စာချုပ် (AET)နှင့် အာဆီယံ ရာဇဝတ်မှုတရားစီရင်ရေးနှင့် ရာဇဝတ်မှုများ တိုက်ဖျက်ရေးဆိုင်ရာ ညီလာခံ (ACCPCJ)တို့ ကဲ့သို့သော ASLOM ၏ ပဏာမခြေလှမ်းများကို အကောင်အထည်ဖော်ရာတွင် အခြားအဖွဲ့ဝင်နိုင်ငံများနှင့်အတူ အပြည့်အဝ ပါဝင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း ပြောကြားသည်။
ထို့နောက် ညီလာခံသို့ တက်ရောက်လာကြသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှေ့နေချုပ်၊ အာဆီယံ (၁၀)နိုင်ငံမှ ရှေ့နေချုပ်များ၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ရှေ့နေချုပ်နှင့် မကာအို အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှေ့နေချုပ်တို့က (၁၅) ကြိမ်မြောက် တရုတ်-အာဆီယံ ရှေ့နေချုပ်များညီလာခံ၏ ပူးတွဲကြေညာချက် (JOINT DECLARATION OF THE 15th CHINA-ASEAN PROSECUTORS-GENERAL CONFERENCE)ကို လက်မှတ်ရေးထိုးကြသည်။
ညီလာခံကျင်းပစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှေ့နေချုပ် ရုံးနှင့် မြန်မာနိုင်ငံ ဥပဒေရေးရာဝန်ကြီးဌာနတို့အကြား ကျင်းပသည့် နှစ်နိုင်ငံအစည်းအဝေး၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှေ့နေချုပ် H.E. Mr Ying Yong နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဥပဒေရေးရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ (၁၅) ကြိမ်မြောက် တရုတ်-အာဆီယံရှေ့နေချုပ်များ ညီလာခံ၏ ပူးတွဲကြေညာ ချက်အား လက်မှတ်ရေးထိုးခြင်းအားဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ငွေကြေးခဝါချမှုနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးတို့တွင် နည်းပညာအသုံးပြုမှု တိုးတက်အောင် ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ခြင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုမိုရရှိစေ နိုင်ခြင်း၊ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများရှိ ရှေ့နေချုပ်ရုံးများအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ခြင်း၊ တရုတ်နိုင်ငံနှင့်လည်း ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ပိုမိုမြှင့်တင်နိုင်မည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
