ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ကျင်းပခဲ့သော (၁၃)ကြိမ်မြောက် အာဆီယံဥပဒေရေးရာဝန်ကြီးများ အစည်းအဝေး(13th ASEAN Law Ministers Meeting-ALAWMM)နှင့် အာဆီယံအဆင့်မြင့် ဥပဒေ အရာရှိများ အစည်းအဝေး(24th ASEAN Senior Law Officials Meeting-ASLOM)သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

နေပြည်တော်၊ နိုဝင်ဘာ ၁၇ ရက်

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ၂၀၂၅ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့ထိ ကျင်းပခဲ့သော (၁၃)ကြိမ်မြောက်အာဆီယံဥပဒေရေးရာဝန်ကြီးများ အစည်းအဝေး (13th ASEAN Law Ministers Meeting-ALAWMM)သို့ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့မှလည်းကောင်း၊ နိုဝင်ဘာလ ၁၀ ရက်နေ့မှ ၁၃ရက်နေ့ထိကျင်းပခဲ့သော အာဆီယံအဆင့်မြင့်ဥပဒေအရာရှိများ အစည်းအဝေး (24th ASEAN Senior Law Officials Meeting-ASLOM)သို့ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေ ချုပ် ဒေါက်တာထိန်လင်းဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့မှလည်းကောင်း တက် ရောက်ခဲ့ပါသည်။

(၁၃)ကြိမ်မြောက် အာဆီယံဥပဒေရေးရာဝန်ကြီးများအစည်းအဝေးကို(13th ASEAN Law Ministers Meeting-ALAWMM) ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက် နေ့မှ ၁၅ ရက်နေ့ထိ ကျင်းပခဲ့ရာ ဥပဒေရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့်ပြည် ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့မှ တက် ရောက်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင် ဖိလစ်ပိုင်နိုင်ငံသမ္မတ H.E Mr Ferdinand Romualdez Marcos Jr. က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ တရားရေး/ ဥပဒေရေးရာဝန်ကြီးများ၊ ရှေ့နေချုပ်များ၊ အာဆီယံ အထွေထွေအတွင်း ရေးမှူးချုပ်၊ အာဆီယံ နိုင်ငံများမှအဆင့်မြင့် ဥပဒေအရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စု‌ရှေ့နေချုပ် ဒေါက်တာသီတာဦးက အာဆီယံဒေသတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဥပဒေရေးရာကိစ္စရပ်များ အားပူးပေါင်းဆောင်ရွက်နိုင်ရန် အရေးပါသောလုပ်ငန်းစဉ် တစ်ရပ် ဖြစ်ကြောင်း၊ နိုင်ငံများအကြား ဥပဒေရေးရာ သတင်းအချက်အလက်များ ဖလှယ်ခြင်းနှင့် ဥပဒေရေးရာပူးပေါင်းဆောင်ရွက်ခြင်းသည် အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ ဥပဒေရေးရာ နယ်ပယ်၌ အဓိက ပလပ်ဖောင်းတစ်ခုဖြစ်ကြောင်း၊ ယနေ့ နည်းပညာခေတ်တွင် အကြမ်း ဖက်မှုများ၊ အဂတိလိုက်စားမှုများ၊ ငွေကြေးခဝါချမှုများနှင့် ပိုင်ဆိုင်မှုများအား ခိုးယူသော အမှုများအား နည်းပညာအသုံးပြု၍  အုပ်စုဖွဲ့ကျူးလွန်လျက်ရှိကြောင်း၊ အဆိုပါ ပြစ်မှုများ သည် နိုင်ငံဖြတ်ကျော် မှုခင်းများဖြစ်သဖြင့် နိုင်ငံတကာအဆင့်သာမကဘဲ ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်လာ သဖြင့် အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဖြင့် ဖြေရှင်းဆောင်ရွက်သင့် ကြောင်း၊ ဥပဒေရေးရာကိစ္စရပ်များအား အပြန်အလှန် အကူအညီပေးရေး နှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ဥပဒေမူဘောင် တစ်ရပ်အား တည်ထောင်ခြင်းသည် အကြမ်းဖက်မှုများ၊ အဂတိလိုက်စားမှုများ၊ ငွေကြေးခဝါချမှုနှင့် ပိုင်ဆိုင်မှုများ၊ ခိုးယူမှုများအား ထိရောက်စွာ တိုက်ဖျက်နိုင်ရန်အတွက် အဓိကကျပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများအကြား ပြစ်မှုဆိုင်ရာကိစ္စရပ်များအား အပြန်အလှန် ကူညီပေးရေးစာချုပ်တွင်ပါဝင်ထားပါကြောင်း၊ အဆိုပါစာချုပ်အရ နိုင်ငံဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုများ အပါအဝင် ပြစ်မှုဆိုင်ရာကိစ္စ ရပ်များတွင် ပြစ်မှုကျူးလွန်သောသူများအား တရားစွဲဆိုအရေးယူနိုင်ရေးအတွက် ပြစ်မှုဆိုင် ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေး ဥပဒေကို ၂၀၀၄ ခုနှစ်တွင် လည်း ကောင်း၊ တရားခံလွှဲပြောင်းရေး ဥပဒေကို ၂၀၁၇ ခုနှစ်တွင် လည်း ကောင်း၊ အပြည်ပြည် ဆိုင်ရာ စံနှုန်းများနှင့်အညီ ပြဌာန်းထားပါကြောင်း၊ မြန်မာနိုင်ငံသည် အထူးသဖြင့် တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်၍ အွန်လိုင်းလိမ်လည်မှုများနှင့် နိုင်ငံ ဖြတ်ကျော် ကျူးလွန်သော ငွေကြေးလိမ်လည်မှုဆိုင်ရာ ရာဇဝတ်မှုခင်းများအား ကိုင်တွယ် ဖြေရှင်းခဲ့ရာ ကျူးလွန်သောသူများအား ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် အပြန်အလှန်အကူအညီပေးရေးစာချုပ်အား ရုရှားဖက်ဒရေးရှင်း နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့နှင့် ချူပ်ဆိုခဲ့သည့်အပြင် ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် အပြန်အလှန် အကူအညီပေးရေးဆိုင် ရာ ဘင်းစ်တက်ကွန်ဗင်းရှင်းအား လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံအနေဖြင့် အာဆီယံတရားခံ လွှဲပြောင်းရေး စာချုပ်နှင့် အာဆီယံရာဇဝတ်မှုတရားစီရင်ရေးနှင့်ရာဇဝတ်မှု တိုက်ဖျက်ရေးဆိုင်ရာညီလာခံ ACCPCJ တို့ကဲ့သို့သော အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် အာဆီယံ ဥပဒေရေးရာ အစည်းအဝေးတို့၏ ဥပဒေရေးရာကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်ရေး၏ ပဏာမခြေလှမ်း များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခြားအဖွဲ့ဝင် နိုင်ငံများနှင့်အတူ အပြည့် အဝ ပါဝင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ ၂၀၂၅ ခုနှစ်တွင် ကျင်းပခဲ့သော အာဆီယံရှေ့နေချုပ်များ အစည်းအဝေး တည်‌ထောင်ခြင်းဆိုင်ရာ ကြေညာချက်အား မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများက ရှေ့နေချုပ်များက လက်မှတ်ရေးထိုးခဲ့ကြောင်း၊ အဆိုပါ အာဆီယံရှေ့နေချုပ်များ အစည်းအဝေး တည်ထောင်ခြင်းအားဖြင့် တရားစွဲနှင့်အမှု လိုက်ဆိုင်ရာ လုပ်ငန်းများတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်တစ်ရပ် ပေါ်ပေါက်လာမည်ဖြစ်ကြောင်း နိုင်ငံဖြတ်ကျော် မှုခင်းများအား ထိ‌ရောက်စွာ တိုက်ဖျက်နိုင်ရန်အတွက် နိုင်ငံဖြတ်ကျော်ဥပဒေ ရေးရာဝန် ဆောင်မှုနှင့် ဥပဒေရေးရာကိစ္စရပ်များအား အပြန်အလှန်အကူအညီ ပေးရေးဆိုင်ရာ ကိစ္စရပ် များအား နည်းပညာနှင့်အညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သင့်ပါကြောင်း ပြောကြားခဲ့ပါ သည်။

ထို့ပြင် ပထမအကြိမ် အာဆီယံ-ဂျပန် တရားရေး/ဥပဒေရေးရာဝန်ကြီးများ အစည်းအဝေး ကို ဆက်လက်ကျင်းပရာ အာဆီယံ-ဂျပန် တရားရေး/ဥပဒေရေးရာဝန်ကြီးများ၊ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်တို့မှ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် အာဆီယံ-ဂျပန် ဥပဒေရေးရာ ကိစ္စရပ်များအား ဆွေးနွေးရာ  ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စု‌ ရှေ့နေချုပ်က မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံအနေဖြင့်  အာဆီယံနိုင်ငံများနှင့် ဂျပန် နိုင်ငံများအကြား ဆောင်ရွက်မည့် ဥပဒေရေးရာ ကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည့် (၁၂)ကြိမ်မြောက် အာဆီယံ ဥပဒေရေးရာဝန်ကြီးများ အစည်းအဝေး(12th ASEAN Law Ministers Meeting-ALAWMM)နှင့် (၂၂)ကြိမ်မြောက် အာဆီယံအဆင့်မြင့် ဥပဒေအရာရှိကြီးများ အစည်း အဝေး (22nd ASEAN Senior Law Officials Meeting-ASLOM)၌ အတည်ပြုခဲ့သဖြင့်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

(၁၃)ကြိမ်မြောက် အာဆီယံဥပဒေရေးရာဝန်ကြီးများ အစည်းအဝေးမတိုင်မီ ဆက်စပ် အစည်းအဝေးဖြစ်သော (၂၄)ကြိမ်မြောက် အာဆီယံအဆင့်မြင့် ဥပဒေအရာရှိကြီးများ အစည်း အဝေး(24th ASEAN Senior Law Officials Meeting-ASLOM)ကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ၁၀-၁၁-၂၀၂၅ ရက်နေ့မှ ၁၃-၁၁-၂၀၂၅ ရက်နေ့အထိ ကျင်းပခဲ့ရာ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့ နေချုပ် ဒေါက်တာထိန်လင်းဦး  ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါကြောင်း၊ အဆိုပါ အစည်းအဝေးတွင် ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးက ယခုနှစ် သည် အာဆီယံအဆင့်မြင့် ဥပဒေအရာရှိများ အစည်းအဝေး ASLOM ၏ (၄၀)နှစ်မြောက် အထိမ်း အမှတ်ဖြစ်ကြောင်း၊ အာဆီယံအတွက် ဥပဒေဆိုင်ရာအရေးပါမှုများကို အာဆီယံအဆင့်မြင့် ဥပဒေအရာရှိများ အစည်းအဝေး ASLOM က အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့ပြီး အပြန်အလှန် လေးစားမှု၊ တာဝန်ယူမှုများနှင့် တိုးတက်မှုများကြောင့် ဥပဒေရေးရာပူးပေါင်း ဆောင်ရွက်ရေး၌ အဓိကကျသော အဖွဲ့အစည်းဖြစ်သောကြောင့် မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက် လျက်ရှိကြောင်းနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဥပဒေရေးရာကိစ္စ၊ အာဆီယံ ကုန်သွယ်ရေး ဥပဒေ လိုက်လျောညီထွေ ဖြစ်စေရေးကိစ္စ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အပြစ်ကျ တရားခံ အပြန်အလှန် လွှဲပြောင်းပေးရေးကိစ္စ၊ ပြစ်မှုတားဆီးကာကွယ်ရေးနှင့် တရားမျှတရေး ဆိုင်ရာကိစ္စ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား တရားစီရင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးကိစ္စ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား တရားမနှင့် ကုန်သွယ်ရေးတို့တွင် ဥပဒေဆိုင်ရာ အပြန်အလှန် အကူအညီပေးရေးကိစ္စ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ဥပဒေဖြင့် အသက် မွေးဝမ်းကျောင်း ပြုသူများနှင့် စပ်လျဉ်းသည့်ကိစ္စ၊ အာဆီယံဥပဒေပညာရှင်များ အသင်းနှင့် စပ်လျဉ်းသည့်ကိစ္စနှင့် ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် ဥပဒေရေးရာ အပြန်အလှန် အကူအညီပေးရေး သဘော တူစာချုပ်နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကိုလည်းကောင်း အာဆီယံနိုင်ငံများနှင့် ဂျပန်နိုင်ငံတို့အကြား ဥပဒေနှင့်တရားစီရင်ရေး ပူးပေါင်းဆောင်ရွက်မည့်ကိစ္စတို့ကို ဆွေးနွေးခဲ့ပါသည်။

ထို့ပြင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ကျင်းပခဲ့သော ကုန်သွယ်ရေးဥပဒေ လိုက်လျောညီထွေဖြစ်စေရေး လုပ်ငန်းအဖွဲ့အစည်းအဝေးသို့လည်း မြန်မာကိုယ်စားလှယ်အဖွဲ့က တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

                                                                                                        (သတင်းစဉ်)