ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီလ ၅

ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပဥ္စမအကြိမ် ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်းသည့် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီး ဒေါ်သင်းသင်းနွဲ့၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဦးအောင်မော်၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကြည်ကြည်သန်းအောင်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာ စကား ပြောကြားပြီးနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်သင်းသင်းနွဲ့က ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၂၃ ပုဒ်မခွဲ(ဂ) ပုဒ်မခွဲငယ်(၂)အရ တရားသူကြီးများသည် နေ့စဉ်တရားခွင်တက်ရန် စတင်ဆောင်ရွက်သည့်အချိန်တွင် တရားခွင်၌ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုနေရခြင်းမှာ လက်တွေ့တွင် မဖြစ်မနေ လိုအပ်သည့် ကိစ္စမဟုတ်သည့်အပြင်  နေ့စဉ်တရားခွင် တက်ရောက်သည့်အချိန်၌ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုသည့်အချက်ကို နိုင်ငံတကာတွင်လည်း သတ်မှတ် ထားမှုမရှိကြောင်း၊ တရားရုံးများသည် အမြဲတမ်းတည်ထောင် ထားသော တရားရုံးများဖြစ်သဖြင့် နေ့စဉ်တရားခွင်တက်သည့်အချိန်တွင် ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရမည့် ဆိုသည့် ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ခြင်းဖြင့် တရားစီရင်ရေးဆိုင်ရာ နေ့စဉ်လုပ်ငန်းများကို လျင်မြန်စေမည်ဖြစ်သဖြင့် ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပြင်ဆင်လိုခြင်း ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်ဒေါက်တာသီတာဦးက တရားသူကြီးများကို စတင် တာဝန်ပေးအပ်ချိန်တွင် ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုခြင်းကို ဆောင်ရွက်ရန် ပြည်ထောင်စု တရားစီရင်ရေးဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်ခြင်း၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ ၂၃ ပုဒ်မခွဲ(ဂ) တွင်ပါရှိသော  ပုဒ်မခွဲငယ်(၂)ကို ပယ်ဖျက်ပါကလည်း တရားစီရင်ရေး လုပ်ငန်းများကို ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ပြင်ဆင်ပြဋ္ဌာန်းသင့်သောဥပဒေ ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် ဥပဒေပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

      သတင်းစဉ်