နေပြည်တော်၊ ဇွန် ၁၀

နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ပြဋ္ဌာန်းကျင့်သုံးနေကြသည့် စည်ပင်သာယာရေးဥပဒေများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၁၀ ရက်နေ့၊ နေ့လည် ၁၂ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
ညှိနှိုင်းအစည်းအဝေးကို Hybrid စနစ်ဖြင့် ကျင်းပရာ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဥပဒေချုပ်၊ စည်ပင် သာယာရေးကော်မတီဝင်များ၊ အရာရှိကြီးများ အပါအဝင် စုစုပေါင်း ၅၀ ဦး တက်ရောက်ခဲ့ပြီး ကချင်ပြည်နယ်၊ ချင်းပြည် နယ်၊ တနင်္သာရီတိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီတို့က Online မှ တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က စည်ပင်သာယာရေးဥပဒေများ ကျင့်သုံးဆောင်ရွက်မှုအား ညှိနှိုင်းဆွေးနွေး နိုင်ရန် ယခင်က စည်ပင်သာယာရေးဥပဒေများ စိစစ်မှုဦးဆောင်ကော်မတီအနေဖြင့် အစည်းအဝေး ခေါ်ယူခဲ့ပြီး Model Law တစ်ခု ရေးဆွဲနိုင်ခဲ့ကြောင်း၊ စည်ပင်သာယာရေးဥပဒေများ ပုံစံတူဖြစ်စေ လိုသဖြင့် ယနေ့အစည်းအဝေးကို ခေါ်ယူကျင်းပရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်စည်ပင် သာယာရေးဥပဒေမူကြမ်းနှင့် မြို့တော်စည်ပင်သာယာရေးဥပဒေမူကြမ်းတို့ကို ဖြန့်ဝေထားပါကြောင်း၊ ယင်းဥပဒေမူကြမ်းများပါ ဖော်ြပချက်များကို ဝိုင်းဝန်းဆွေးနွေး ပေးစေလိုကြောင်း အဆိုပါစည်ပင် သာယာ Model Law ပါ စည်ပင်သာယာရေးလုပ်ငန်းများ အကောင် အထည်ဖော်ရာတွင် မိမိဒေသနှင့် လိုက်လျော ညီထွေရှိသည့်ကိစ္စရပ်များကိုသာ ရွေးချယ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မြို့တော်စည်ပင် သာယာရေးဥပဒေများကိုလည်း အတတ်နိုင်ဆုံး ပုံစံတူဖြစ်စေရန် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်၍ ဥပဒေမူကြမ်းပါ ဖော်ပြချက်များတွင် မိမိဒေသနှင့် မကိုက်ညီသော အချက်များနှင့် ထပ်မံဖြည့်စွက် လိုသော အချက်များရှိပါက ဆွေးနွေးပေးရန်ဖြစ်ကြောင်း ဆွေးနွေးမှာကြားပါသည်။
ထို့နောက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ ဥပဒေချုပ်၊ စည်ပင် သာယာရေးကော်မတီဝင်များ၊ အရာရှိကြီးများက ဥပဒေမူကြမ်းများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းခဲ့ပါသည်။
(သတင်းစဉ်)
