နေပြည်တော်၊ ဩဂုတ် ၁၃

ဥပဒေဘာသာပြန်ကော်မရှင်၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ငယ်များ၏ (၁၈) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၁၀း၀၀ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ဥပဒေဘာသာပြန်ကော်မရှင်ဥက္ကဋ္ဌဖြစ်သူ ဥပဒေရေးရာဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်း အဖွဲ့ငယ်များမှ အဖွဲ့ဝင်များ စုံလင်စွာတက်ရောက်ကြသည်။
အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာသီတာဦးက ၉-၄-၂၀၁၅ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ သော ဥပဒေဘာသာပြန်ကော်မရှင်ဥပဒေနှင့်အညီ ဥပဒေဘာသာပြန်ကော်မရှင်ကို နိုင်ငံတော် သမ္မတရုံး၏ ၂၅-၁-၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၆/၂၀၁၆ ဖြင့် စတင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိတွင် နိုင်ငံတော်သမ္မတရုံး၏ ၄-၅-၂၀၂၆ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၅၂/၂၀၂၆ ဖြင့် ဥပဒေဘာသာပြန်ကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့ကာ ဥက္ကဋ္ဌ အပါအဝင် ကော်မရှင်အဖွဲ့ဝင်စုစုပေါင်း ၁၃ ဦး ပါဝင်ကြောင်း၊ အင်္ဂလိပ်ကိုလိုနီလက်ထက်က အင်္ဂလိပ်ဘာသာ ဖြင့် ပြဋ္ဌာန်းခဲ့သော ဥပဒေများအနက် ဥပဒေဘာသာပြန်ကော်မရှင်က ဘာသာပြန်ဆိုရန် တာဝန်ရှိသည့် ဥပဒေစုစုပေါင်း ၁၃၇ ခု ရှိကြောင်း၊ ဘာသာပြန်ဆိုရန် မလိုအပ်တော့သည့် ဥပဒေ ၅၆ ခု ရှိသဖြင့် ဘာသာပြန်ဆိုရမည့် ဥပဒေစုစုပေါင်း ၈၁ ခုရှိကြောင်း၊ ထိုဥပဒေများအနက်မှ ဥပဒေ ၅၉ ခုကို မြန်မာဘာသာပြန်ဆိုကာ အတည်ပြုထုတ်ပြန်ပြီးဖြစ်ကြောင်း၊ အဆိုပါ ဘာသာပြန်ဆိုမှုများသည် မူရင်း အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုထားသည့် ဥပဒေကဲ့သို့ တရားဝင်အတည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်ဆဲ ဥပဒေ ၂၂ ခု အနက်မှ ၁၈ ကို ဘာသာပြန်ဆိုပြီးစီးပြီဖြစ်ပြီး ၄ ခုမှာ ဘာသာပြန်ဆိုဆဲဖြစ်ကြောင်း၊
ယခုအစည်းအဝေးသည် မိမိကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်စဉ်ကာလ၌ ၁၁ ကြိမ် မြောက် ကျင်းပပြုလုပ်သည့် အစည်းအဝေးဖြစ်ကြောင်း၊ ယင်းကာလတွင် ဥပဒေ ၃၃ ရပ်ကို မြန်မာ ဘာသာပြန်ဆိုအတည်ပြုခဲ့ပြီး ဥပဒေဘာသာပြန်စာအုပ်အမှတ် (၉)မှ (၁၆)ထိ စာအုပ် ၈ အုပ် ပုံနှိပ် ထုတ်ဝေနိုင်ခဲ့ကြောင်း၊ ယခင် (၁၇) ကြိမ်မြောက် အစည်းအဝေးတွင် ဆွေးနွေးအတည်ပြုခဲ့သော ဥပဒေ ၅ ခု ကို စာအုပ်အမှတ် (၁၇)အဖြစ် မကြာမီ ပုံနှိပ်ထုတ်ဝေနိုင်တော့မည်ဖြစ်ကြောင်း၊
ယခုအစည်းအဝေးတွင် မြန်မာဘာသာသို့ ပြန်ဆိုပြီးဖြစ်သည့် The Public Servants Inquiries Act ၊ The Usurious Loans Act၊ The Myanmar Carriage of Goods by Sea Act နှင့် The Evidence Act တို့ကို ဆွေးနွေးအတည်ပြုမည်ဖြစ်ပြီး ဘာသာပြန်ဆိုချက်များ ဆီလျော်မှန်ကန်မှုရှိစေရေးအတွက် အားလုံးက ဝိုင်းဝန်းဆွေးနွေး အကြံပြုစေလိုကြောင်း ပြောကြားသည်။
အစည်းအဝေးကို ၁၃-၈-၂၀၂၆ ရက်နေ့မှ ၁၄-၈-၂၀၂၆ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
