ပြည်ထောင်စုရှေ့နေချုပ်က အမေရိကန်နိုင်ငံ၊ အီတလီနိုင်ငံနှင့် ဥရောပသမဂ္ဂတို့မှ သံအမတ်ကြီးများနှင့် သီးခြားစီတွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဇန်နဝါရီ ၁၇

          ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် အမေရိကန်နိုင်ငံသံအမတ်ကြီး H.E Mr. Scort Marciel ၊ အီတလီနိုင်ငံ သံအမတ်ကြီး H.E Mr. Pier Giorgio Aliberti နှင့် ဥရောပ သမဂ္ဂဆိုင်ရာ သံအမတ်ကြီး H.E Mr. Khristian Schmidt တို့အား ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ သံတမန်ခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

          အမေရိကန်နိုင်ငံသံအမတ်ကြီး H.E Mr. Scort Marciel နှင့် တွေ့ဆုံဆွေးနွေးစဉ် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဥပဒေအရာရှိအချို့ကို ရွေးချယ်၍ နိုင်ငံဖြတ်ကျော်မှုခင်းများ နှင့်သက်ဆိုင်သည့် အမှုလိုက်ဆိုင်ရာအထူးသင်တန်းများ ပို့ချပေးရေးကိစ္စ၊ USAID နှင့် ပူးပေါင်း အကောင်အထည်ဖော်လျက်ရှိသော ရှေ့ပြေးဥပဒေရုံးများ၏ လုပ်ငန်းဆောင်ရွက်မှု များ ပိုမိုတိုးတက် လာစေရေးကိစ္စ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးဥပဒေ(မူကြမ်း) ဆိုင်ရာကိစ္စ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

          အီတလီနိုင်ငံသံအမတ်ကြီး H.E Mr. Pier Giorgio Aliberti နှင့် တွေ့ဆုံ ဆွေးနွေးစဉ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး အတွက် ဥပဒေမူဘောင်များ ရှင်းလင်းလွယ်ကူစေရေးနှင့် တရားဥပဒေစိုးမိုးမှု တိုးတက် ကောင်းမွန်လာရေးကိစ္စ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဥပဒေများကို စိစစ်အကြံဉာဏ်ပေးရာတွင် ဒီမိုကရေစီစံနှုန်းများကို အလေးထားထည့်သွင်း စဉ်းစားနိုင်ရေးကိစ္စ စသည်တို့ကို ဆွေးနွေးခဲ့ ကြပါသည်။

          ဥရောပသမဂ္ဂဆိုင်ရာ သံအမတ်ကြီး H.E Mr. Khristian Schmidt နှင့် တွေ့ဆုံ ဆွေးနွေးစဉ် မြန်မာနိုင်ငံ၏ တရားမျှတမှုဆိုင်ရာလုပ်ငန်းများတွင် EU က ပိုမိုပံ့ပိုးကူညီ နိုင်မည့် လုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာတစ်ရပ် ရေးဆွဲနိုင် ရေးအတွက် စီစဉ်ဆောင်ရွက်မှုများ၊ EU ၏ အထောက်အပံ့ဖြင့် MyJustice အဖွဲ့က ဆောင်ရွက် နေသော တရားမျှတမှုစင်တာများနှင့် ဥပဒေ အထောက်အကူပေးရေးလုပ်ငန်းများ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြားလုပ်ငန်းနယ်ပယ်များ၊ ဥပဒေစိစစ်အကြံဉာဏ် ပေးရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းများ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

          တွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်၊ ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဒေါ်ခင်ချိုအုန်း၊ ဒေါက်တာသီတာဦး နှင့် ဦးမင်းဆွေ တို့လည်း တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)