ပြည်ထောင်စုရှေ့နေချုပ်က ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ ၂၀

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ကုလသမဂ္ဂ၏မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီဦးဆောင်သောအဖွဲ့အားယနေ့ နံနက်ဝ၈:၀၀ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိသံတမန်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးစဉ် တရားစွဲနှင့်အမှုလိုက်ဆိုင်ရာလုပ်ငန်းများ၌ လူ့အခွင့်အရေးအခြေအနေဖြစ်ပေါ်တိုးတက်မှုများ၊ ဥပဒေပြုရေးအခန်းကဏ္ဍတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ပါဝင်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများက ကနဦးရေးဆွဲပေးပို့လာသော ဥပဒေမူကြမ်းများအားပြည်ထောင်စုရှေ့နေချုပ်ရုံးကစိစစ်ရာတွင် လူ့အခွင့်အရေးဆိုင်ရာနိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်ရန်ကိစ္စရပ်များ၊ ဆက်လက်ပြဌာန်းမည့် ဥပဒေများနှင့် တည်ဆဲဥပဒေများအကြား လိုက်လျောညီထွေမှုရှိစေပြီး အခြေခံလူ့အခွင့်အရေးများကို မထိခိုက်စေရေးအတွက် ဆောင်ရွက်ရန်ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသောဒေါ်ခင်ချိုအုန်း၊ ဦးအောင်နိုင်နှင့် ဒေါက်တာသီတာဦးတို့လည်းတက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)