ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေအရာရှိမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၇) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဇန်နဝါရီ ၁၆

      ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ပြည်ထောင်စုရှေ့နေချုပ်ရုံး၌ ဖွင့်လှစ်ကျင်းပသည့် အလယ်အလတ်အဆင့် ဥပဒေအရာရှိများမွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၁၇) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။

    ပြည်ထောင်စုရှေ့နေချုပ်ကအမှာစကားပြောကြားရာတွင် ယခုသင်တန်းသည် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး၊ ခရိုင်များရှိဥပဒေရုံးအသီးသီးမှ အလယ်အလတ်အဆင့် ဥပဒေအရာရှိများအတွက် လုပ်ငန်းအရည်အသွေးနှင့် လုပ်ငန်းစွမ်းဆောင်ရည်များတိုးတက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ သင်တန်းတွင်ဦးစီးဌာန ၄ ခုကဆောင်ရွက်လျက်ရှိသောဥပဒေမူကြမ်းများစိစစ်ခြင်း၊ စီးပွားရေးနှင့် နိုင်ငံတကာစာချုပ်စာတမ်းများအပေါ် အကြံဉာဏ်ပေးခြင်း၊ တရားစွဲနှင့် အမှုလိုက်လုပ်ငန်းများဆောင်ရွက်ခြင်း၊ ဝန်ထမ်းရေးရာနှင့် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ခြင်းတို့ကိုပိုမိုသိရှိနားလည်လာပြီးပြည်ထောင်စုရှေ့နေချုပ်ဥပဒေ၊ နည်းဥပဒေများနှင့်အညီလုပ်ငန်းတာဝန်များကျေပွန်စွာထမ်းဆောင်နိုင်ရေးအတွက်ဖြစ်ပါကြောင်း၊ သင်တန်းမှ ရရှိသည့် ပညာရပ်ဆိုင်ရာအတွေ့အကြုံများဖြင့် မိမိတို့ တာဝန်ကျသည့်ဒေသအသီးသီး၌ အရည် အသွေးပြည့်ဝသည့် ဥပဒေအရာရှိကောင်းများဖြစ်လာရန်ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်းမှာကြားခဲ့ပါသည်။

    သင်တန်းသို့ ဒုတိယရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူ ၃၄ ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းကာလမှာရက်သတ္တ ၂ ပတ် ကြာမြင့်မည် ဖြစ်ကြောင်းသိရှိရပါသည်။

                                            (သတင်းစဉ်)