ပဲခူးတိုင်းဒေသကြီး ဥပေဒချုပ် သာယာဝတီခရိုင်အတွင်းရှိ ဥပဒေရုံးများ စစ်ဆေး

သာယာဝတီ၊ ဇွန် ၂၇

 

       ပဲခူးတိုင်းဒေသကြီးဥပေဒချုပ် ဦးအုန်းမြင့်သည် တာဝန်ရှိသူများနှင့်အတူ ဇွန် ၂၆ ရက် နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်းရှိ ဥပဒေရုံးများသို့သွားရောက်ပြီး ရုံးလုပ်ငန်းများဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးသည်။

       သာယာဝတီခရိုင်ဥပဒေရုံးတွင် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပဲခူးတိုင်း ဒေသကြီးဥပဒေချုပ်မှ ဥပဒေအကြံတောင်းတင်ပြထားသော အမှုတွဲများ နှင့်ပတ်သက်၍ တိကျမှန်ကန်မြန်ဆန်စွာဖြင့် အဂတိတရားကင်းရှင်းစွာ ပြီးပြတ်အောင် ဆောင်ရွက်ပေးရန်၊ ပြည်သူနှင့်ဆက်ဆံပြောဆိုရာတွင် ချိုသာယဉ်ကျေးစွာ ပြောဆိုဆက်ဆံကြရန်၊ တာဝန်ရှိသူများကလည်း လက်အောက်ဝန်ထမ်းများ အပေါ် မိဘနှင့်သားသမီး ဆက်ဆံရေးအသွင် ဖြစ်လာအောင်ဆောင်ရွက်ပြီး လက်အောက် ဝန်ထမ်းများ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်နှင့် နိုင်ငံတော် ပိုင် ရုံးအဆောက်အအုံများကိုလည်း ရေရှည်တည်တံ့ခိုင်ခံ့အောင် ဝိုင်းဝန်းထိန်းသိမ်း ကြရန်မှာ ကြားသည်။

     ထို့နောက် တိုင်ဒေသကြီးဥပဒေချုပ်နှင့်အဖွဲ့သည် မိုးညိုမြို့နယ်ဥပဒေရုံး၊ မင်းလှမြို့နယ်ဥပဒေရုံး၊ လက်ပံတန်းမြို့နယ်ဥပဒေရုံးများသို့ သွားရောက်ကာ ရုံးလုပ်ငန်းများစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။ ယင်းနောက် လက်ပံတန်းမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ သောက်သုံးရန် ရေသန့်စက်အား ကျောင်းအုပ်ဆရာကြီးထံ ပေးအပ် လှူဒါန်းခြင်း၊ သာယာဝတီမြို့ရှိ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြု တက္ကသိုလ် မင်းကျောင်းဆရာတော်ထံ သွားရောက်ဖူးမြော်ကာ မူလတန်းမှ အထက်တန်းအထိ ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ကျောင်းသူ များ၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် အလှူငွေ လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

တင်စိုး(ပဲခူး)

(သတင်းစဉ်)

Ref, The Mirror Daily