ဇီးကုန်းမြို့နယ် ဥပဒေရုံးနှင့်ဝန်ထမ်းအိမ်ရာအဆောက်အအုံသစ် ဖွင့်လှစ်

ဇီးကုန်း ၊ ဇွန် ၂၈

        သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ဇီးကုန်းမြို့ အမှတ် (၃)  ရပ်ကွက် မြို့ပတ်လမ်း (တောင်ပိုင်း)တွင် မြို့နယ်ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာအဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ဇွန် ၂၇ ရက် နံနက် ၉နာရီက ကျင်းပသည်။

        ဇီးကုန်းမြို့နယ် ဥပဒေရုံးနှင့်ဝန်ထမ်းအိမ်ရာအဆောက်အအုံသစ်ကို ပဲခူးတိုင်းဒေသ ကြီး ဥပဒေချုပ် ဦးအုန်းမြင့်၊တိုင်းဒေသကြီးဥပဒေအရာရှိ ဦးအုန်းသန်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထူးခိုင်နှင့် သာယာဝတီခရိုင် ဥပဒေအရာရှိ ဦးမြင့်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးပြီး ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

       ထို့နောက် ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းမြင့်က အမှာစကားပြောကြားပြီး ဇီးကုန်းမြို့နယ် ဥပဒေအရာရှိ ဦးဥက္ကာကျော်က အဆောက်အအုံသစ်နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားကာ တာဝန်ယူတည်ဆောက်မည့် ကုမ္ပဏီမှတာဝန်ရှိသူက တိုင်းဒေသကြီး ဥပဒေ အရာရှိထံ အဆောက်အအုံနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို လွှဲပြောင်း ပေးအပ်သည်။

         အဆိုပါ ဥပဒေရုံးသည် ဇီးကုန်းမြို့ အမှတ် ၃ ရပ်ကွက်၊ မြို့ပတ်လမ်း (တောင်ပိုင်း)၊ ဦးပိုင်အမှတ် ၆ တွင် တည်ရှိသော မြို့နယ်ဥပဒေရုံးပိုင် မြေဧက သုည ဒသမ ၂၂ ဧက အနက်မှယာဘက်ခြမ်း သုည ဒသမ ၁၂ ဧက ပေါ်တွင် (၃၀x၃၀x၁၀)ပေ တစ်ထပ် အာရ်စီအမျိုးအစား အဆောက်အအုံအဖြစ်  ၂၀၁၅-၂၀၁၆ ဘဏ္ဏာရေးနှစ် နိုင်ငံတော်အစိုးရ ခွင့်ပြုငွေကျပ်သိန်း ၂၀ ဖြင့် သာထက်သာကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ကာ ၂၀၁၆ ခုနှစ် မတ် ၁၆ ရက်တွင် လုပ်ငန်းပြီးစီးခဲ့ပြီး ဝဲဘက်ခြမ်းရှိ ကျန် သုည ဒသမ ၁၀ ဧကပေါ်တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဏာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုငွေ ကျပ်သန်း ၄၈ ဒသမ ၂၉၆ သန်းဖြင့် GOLDEN PEAK Co.Ltd မှ တာဝန်ယူကာ (၉၀x၃၀x၁၀) ပေ တစ်ထပ်အုတ်ညှပ် လေးခန်းတွဲ ဝန်ထမ်းအိမ်ရာ အဆောက်အအုံအဖြစ်  ဆောက်လုပ်ခြင်းဖြစ်ပြီး  ၂၀၁၈ ခုနှစ် မတ် ၂ ရက်တွင် ဆောက်လုပ် ပြီးစီးခဲ့ကြောင်း သိရသည်။

                                                                                                                                                                                                                         တင်စိုး(ပဲခူး)

(သတင်းစဉ်)

Ref, The Mirror Daily