၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ပညာရည်ချွန်ဆု ချီးမြှင့်ခြင်းအခမ်းအနားသို့ ပြည်ထောင်စုရှေ့နေချုပ် တက်ရောက် ဂုဏ်ပြုအမှာစကားပြောကြား

ဇူလိုင် ၁၈၊  နေပြည်တော်

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ပညာသင် ထောက်ပံ့ကြေးပေးအပ်ခြင်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ပညာရည်ချွန်ဆု ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ ညနေ ၃:၀၀ နာရီ အချိန်က ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြေညီထပ်ရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ပါ သည်။

အခမ်းအနားတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ဂုဏ်ပြုအမှာစကား ပြောကြားရာ၌ ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေဖြင့်  ပညာသင်စရိတ် ထောက်ပံ့ကြေးပေးအပ်ပွဲကို ကျင်းပလာသည်မှာ ယခုအကြိမ်သည် သတ္တမအကြိမ်ဖြစ်ကြောင်း၊  ပညာရည်ချွန်ဆု ပေးအပ်ခဲ့သည်မှာ တတိယအကြိမ်ဖြစ်ကြောင်း၊ ယခုပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူ ၁၄၇ ဦးကို  ၄၉ သိန်း ၇ သောင်း ထောက်ပံ့နိုင်ကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ကြသော ခြောက်ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၂ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၂ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၉ ဦးတို့ကို  ကျပ်သိန်း ၂၀ ထောက်ပံ့ချီးမြှင့်နိုင်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ ပညာသင်ထောက်ပံ့ကြေးပေးခြင်း၊ ထူးချွန်သူများကို ချီးမြှင့်ခြင်းတို့သည် ဝန်ထမ်းသားသမီးများ၏ ပညာရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြားကျောင်းသူ ကျောင်းသားများအတွက်လည်း အားကျလာစေရန်နှင့် ပိုမိုကြိုးစားဆောင်ရွက်စေလို၍ဖြစ်ကြောင်း၊ မိဘတိုင်းဟာ ကိုယ်ရဲ့သားသမီးများ ပညာ တတ်ဖြစ်လာဖို့ ကြိုးစားဆောင်ရွက်ပေးကြပါကြောင်း၊ ပညာသည် လူတစ်ဦး၏ ကိုယ်ပိုင်တန်ဘိုးရတနာပဲဖြစ်ပြီး ဘဝတွင် မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးနှင့် ရပ်တည်ရှင်သန်နိုင်ရေးတို့အတွက် အင်အားများကို ပေးစွမ်းနိုင်ပါကြောင်း၊ လူတစ်ဦး၏ဘဝတွင် ပညာသည်သာလျှင်    စစ်မှန်တဲ့ တန်ဘိုးဖြစ်ကြောင်း၊ သို့ဖြစ်၍ ကျောင်းသူ/ကျောင်းသားများအနေဖြင့် ထူးချွန်ထက်မြက်သည့် ပညာတတ်များဖြစ်လာစေရန် ကြိုးစားကြပါဟု တိုက်တွန်းမှာကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

                       သတင်းစဉ်