နေပြည်တော်၊ သြဂုတ် ၁၄

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး သည် ယနေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ဥပဒေအရာရှိ အဆင့်-၄ (အစမ်းခန့်)များ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ်(၁/၂၀၁၈) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုကဏ္ဍ တိုးတက်ကောင်းမွန်ရေးကို အလေးထားလျက်ရှိပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ လုပ်ငန်းများ ထိရောက် အောင်မြင်စေရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင် လျက်ရှိပါကြောင်း၊ ယခု ဥပဒေအရာရှိ အဆင့်-၄(အစမ်းခန့်) များသည် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မျိုးဆက်သစ် အရာရှိများဖြစ်သဖြင့် သင်တန်းတွင်ပို့ချသည့် ပြည်တွင်း ပြည်ပဥပဒေများ၊ တရားစွဲနှင့် အမှုလိုက်ဘာသာရပ်၊ စီမံရေးရာနှင့် ဘဏ္ဍာရေး ဆိုင်ရာများ၊ Legal English တို့အပြင် လက်တွေ့တရားခွင်များ၌ ကျွမ်းကျင် တတ်မြောက်ရန် သင်ကြားလေ့လာ ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေအရာရှိကျင့်ဝတ်နှင့် မျှတသော တရားစီရင်ရေး စံနှုန်းများကိုလည်း မှန်ကန်ထိရောက်စွာ လိုက်နာကျင့်သုံး နိုင်ရေးအတွက် လေ့လာဆည်းပူးကြရန်လိုကြောင်း၊ ကိုယ်ကျင့်တရားကောင်း မွန်ပြီး ပညာရည် ပြည့်ဝသော ဥပဒေအရာရှိကောင်းများ ဖြစ်ရေးအတွက် ယခုကပင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်း ဆရာ/ ဆရာမများ၊ သင်တန်းသား/ သင်တန်းသူ ၁၅၀ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ၂ လ ကြာမြင့်မည် ဖြစ်ကြောင်း သိရှိရပါသည်။
(သတင်းစဉ်)
