ပူတာအို အောက်တိုဘာ ၄


ပူတာအိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ကျင်းပသည့် “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ” ခေါင်းစဉ်ဖြင့် ပထမအကြိမ် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို (၄.၁၀.၂၀၁၈) ရက်နေ့ နံနက် ၉:၃၀ အချိန်တွင် ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ကျင်းပခဲ့ရာ ပူတာအိုခရိုင် ဥပဒေအရာရှိ ဦးဘရွှေသန်းမှ ဦးဆောင်ဆွေးနွေးသူ အဖြစ် ပါဝင်တက်ရောက်ဆွေးနွေး ပြောကြားခဲ့ပါသည်။
အခမ်းအနားတွင် ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းယုမော်က လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့် ပြည်သူ့ စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ပူတာအိုခရိုင် ဥပဒေအရာရှိ ဦးဘရွှေသန်း၊ ပူတာအိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဦး၊ ခရိုင်ပြည်သူ့ဆေးရုံမှ သမားတော်ကြီး ဒေါက်တာလင်းအောင်ထက်၊ Medical Action Myanmar မှ ဒေါက်တာမင်းသန့်ထွန်း နှင့် ပူတာအိုမြို့နယ်ပညာရေးမှူး ဦးအမ်ထင်ဆန်း တို့က မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ပြစ်မှု ပြစ်ဒဏ်များ၊ ကျန်မာရေးဆိုင်ရာ ဗဟုသုတများနှင့် မူးယစ်ဆေးဝါးဥပဒေ၊ နည်းဥပဒေများကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘများ စုစုပေါင်း (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြကာ အခမ်းအနားကို နေ့လည် (၁၂:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါကြောင်း သိရှိရပါသည်။
သတင်းစဉ်
