နေပြည်တော်၊ မတ် ၁

ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် USAID တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရှေ့ပြေးဥပဒေရုံးများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ယနေ့ နံနက် ၀၉:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ရာ ပြည်ထောင်စုရှေ့နေချုပ် တက်ရောက်၍ လမ်းညွှန်မှာကြားခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မဟာဗျူဟာစီမံကိန်းအရ တရားမျှတမှု ကဏ္ဍ တိုးတက်ကောင်းမွန်ရေးအတွက် အမှုတွဲ စီမံခန့်ခွဲခြင်း(Case Management) လုပ်ငန်းကို USAID နှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ လုပ်ငန်းစီမံခန့်ခွဲမှု ကောင်းမွန်ခြင်းဖြင့် တရားမျှတမှုကို ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ ရှေ့ပြေး ဥပဒေရုံး များအဖြစ် ပြင်ဦးလွင်ခရိုင်၊ ချမ်းအေးသာဇံမြို့နယ်နှင့် မော်လမြိုင်မြို့နယ် ဥပဒေရုံးများတွင် အမှုတွဲ စီမံခန့်ခွဲခြင်းလုပ်ငန်း အကောင်အထည်ဖော်မှုများ၊ မော်လမြိုင်ခရိုင်၊ ရန်ကုန်အရှေ့ပိုင်း ခရိုင်၊ ပုသိမ်ခရိုင်၊ ထားဝယ်ခရိုင်နှင့် တောင်ကြီးခရိုင် ဥပဒေရုံးများကို ရှေ့ပြေး ဥပဒေရုံးများ အဖြစ် တိုးချဲ့ဆောင်ရွက်နေမှုများ၊ ကြီးလေးသော ရာဇဝတ်မှုခင်းများတွင် နစ်နာသူနှင့် သက်သေ များကို အမှုမစစ်ဆေးမီ ကြိုတင်ပြင်ဆင်ပေးခြင်း(Pretrial Interviews) နှင့်စပ်လျဉ်း၍ ဥပဒေ အရာရှိများ၏ ကျင့်သုံးဆောင်ရွက်မှုများ၊ ဥပဒေအရာရှိများ၏ လုပ်ငန်းဆောင်ရွက်မှုများ တိုး တက်ကောင်းမွန်ရေးအတွက် ဥပဒေအရာရှိ ကျင့်ဝတ်နှင့် မျှတသော တရားစီရင်ရေးဆိုင်ရာ စံနှုန်းများကို လိုက်နာကျင့်သုံးနေမှုများ၊ ရှေ့ပြေးဥပဒေရုံးများ စီမံကိန်း၏ အားနည်းချက်၊ အားသာချက်များကို သုံးသပ်၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများတွင် ပိုမိုကောင်းမွန် သည့် လုပ်ငန်းစီမံချက်များ ချမှတ်နိုင်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်းနှင့် တာဝန်ရှိသူများ၊ USAID မှ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းအဖွဲ့ အကြီးအကဲ Mr. Robert C La Mont နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။
(သတင်းစဉ်)
