နေပြည်တော်၊ မတ် ၆

ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဥပဒေအရာရှိအဆင့်-၃ မွမ်းမံသင်တန်း အမှတ်စဉ်- ၃၀ သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၀၉:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုရှေ့နေချုပ်က အမှာစကား ပြောကြားရာတွင် ဥပဒေအရာရှိများသည် နိုင်ငံ တော်၏ မူဝါဒ၊ လမ်းညွှန်ချက်များကို ရှေ့ရှု၍ တည်ဆဲဥပဒေများ နှင့်အညီ လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဥပဒေများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိရန်နှင့် ရုံးလုပ်ငန်း၊ စီမံရေးရာနှင့် ဘတ်ဂျက်ငွေစာရင်း လုပ်ငန်းများကိုလည်း ကျွမ်းကျင်ရန် လေ့လာ ဆည်းပူး ကြရမည်ဖြစ်ကြောင်း၊ တရားစွဲဆိုခြင်းမပြုမီ ဥပဒေအကြံပေးခြင်း၊ အမှုလိုက်ပါဆောင် ရွက်ခြင်း၊ အမှုရုပ်သိမ်းခြင်း၊ အမှုပိတ်သိမ်းခြင်း၊ ပြင်ဆင်မှု၊ အယူခံမှုများ တင်သွင်းခြင်း စသည့် တရားစွဲနှင့် အမှုလိုက်လုပ်ငန်းများတွင် အဂတိတရား ကင်းရှင်းစွာဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ တရားမျှတမှု ရရှိရေးအတွက် ဆောင်ရွက်ရာတွင် တရားလို၏ ထိခိုက်နစ်နာ မှုများ၊ စွပ်စွဲခံရသူ၏ အခွင့်အရေးများကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက် ပေးရမည်ဖြစ် ကြောင်း၊ တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုကဏ္ဍ တိုးတက်ကောင်းမွန်ရေးအတွက် သက်ဆိုင် ရာ ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဝန်ထမ်း ကျင့်ဝတ် စည်းကမ်းများနှင့် ဥပဒေအရာရှိ ကျင့်ဝတ်တို့ကို လိုက်နာ၍ တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မှန်ကန်သော စိတ်ဓါတ် အခြေခံများကို လေ့ကျင့်တည်ဆောက်ပြီး အရည်အသွေး တိုးတက်မြင့်မားရန် အားထုတ်ကြိုးပမ်းကြရမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာ/ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူ ၃၁ ဦး တို့ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းကာလမှာ ရက်သတ္တ ၆ ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။
(သတင်းစဉ်)
