နေပြည်တော်၊ မတ် ၁၈

ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်သည် ဒိန်းမတ်နိုင်ငံ စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူး Mr. Henrik Lange နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၁၄:၃၀ နာရီ အချိန်တွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် ဒုတိယရှေ့နေချုပ်က ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဒိန်းမတ် သံရုံးတို့အကြား တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေး တိုးမြှင့်ကာကွယ်ရေးအတွက် လေးနှစ်သက်တမ်းရှိ နားလည်မှု စာချွန်လွှာကို ၁-၁၂-၂၀၁၆ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပါ ကြောင်း၊ နှစ်အလိုက် လုပ်ငန်းအစီအစဉ်များကို သတ်မှတ်အကောင်အထည် ဖော်ခဲ့ပါကြောင်း၊ သုတေသနအဖွဲ့ ဖွဲ့စည်း၍ ဥပဒေရေးရာများ လေ့လာသုတေသနပြုခြင်း၊ ဥပဒေရေးဆွဲရေး၊ ဥပဒေအရာရှိ ကျင့်ဝတ်နှင့် မျှတသော တရားစီရင်ရေး ဆိုင်ရာစံနှုန်းများ ကျင့်သုံး ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံက အတည်ပြုလက်မှတ် ရေးထိုးထားသည့် လူ့အခွင့်အရေး ဆိုင်ရာ ကွန်ဗင်းရှင်းများ အကောင်အထည်ဖော်ရေး တို့နှင့်သက်ဆိုင်သည့် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း ဆွေးနွေးခဲ့ပြီး စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးနှင့် အဖွဲ့က ဒိန်းမတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၏ အားနည်းချက်၊ အားသာချက်၊ အကျိုး သက်ရောက်မှုများနှင့် စပ်လျဉ်း၍ အကဲဖြတ် အစီရင်ခံစာ ပြုစုနိုင်ရေးအတွက် မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်နှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာဦး တို့လည်း တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
