အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် ဥပဒေများသဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းစီမံချက်ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ ၁၉

          အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးနှင့် ဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းစီမံချက်ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၀၉:၀၀  နာရီ အချိန်တွင် နေပြည်တော်၊ Grand Amara Hotel ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အမှာစကားပြောကြားခဲ့ပါသည်။

ထိုသို့အမှာစကားပြောကြားရာ၌ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ရေးဆွဲထုတ်ပြန်ခဲ့သော အမျိုးသားမြေအသုံးချမှုမူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားမြေ အသုံးချမှုကောင်စီကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ယင်းကောင်စီ၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများသဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီကို ကောင်စီကဖွဲ့စည်းခဲ့ပါကြောင်း၊ အမျိုးသားမြေအသုံးချမှုမူဝါဒအပိုဒ် ၇၇ တွင် အမျိုးသားမြေဥပဒေ(မူကြမ်း) ရေးဆွဲရေးနှင့်စပ်လျဉ်း၍ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရာ၌ အကျိုးသက်ဆိုင်သူ အားလုံးပါဝင်စေခြင်းနှင့်အမျိုးသားမြေဥပဒေ(မူကြမ်း) ကို အပြီးသတ် ပြင်ဆင်၍ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခြင်းစသည့် လိုက်နာရမည့် နည်းလမ်းများကို ဖော်ပြထားပါကြောင်း၊ အဆိုပါမူဝါဒနှင့်အညီဖြစ်စေရန် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့၌ ကျင်းပသော အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ် အစည်းအဝေးတွင် ကော်မတီ၏ လုပ်ငန်းစီမံချက်ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရန် သဘောတူညီခဲ့ပါကြောင်း၊ အဆိုပါအလုပ်ရုံဆွေးနွေးပွဲ၌ ထည့်သွင်းဆွေးနွေးသင့်သည့် အချက်များကို အဆိုပြုတင်ပြနိုင်ရန် လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ယင်းလုပ်ငန်းအဖွဲ့၏ အစည်းအဝေး ဆွေးနွေးချက်များအပေါ်မူတည်၍ အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးမည့်ခေါင်းစဉ်များ၊ အဆိုပြုနည်းလမ်းများကို ကော်မတီက အတည်ပြုခဲ့ပါကြောင်း၊  ယင်းအဆိုပြုနည်းလမ်းပါ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်သည့် အလုပ်ရုံဆွေးနွေးပွဲသည် အမျိုးသားမြေဥပဒေပေါ်ပေါက်ရေးအတွက် အများပြည်သူပူးပေါင်းပါဝင် ညှိနှိုင်းဆွေးနွေးမှု လုပ်ငန်းစဉ်၏ ပထမခြေလှမ်းဖြစ်ပါကြောင်းနှင့် အမျိုးသားမြေဥပဒေကို အမျိုးသားမြေ အသုံးချမှု မူဝါဒနှင့်အညီ ရေးဆွဲရမည့် လုပ်ငန်းတာဝန်များကို စနစ်တကျ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ယခုအလုပ်ရုံဆွေးနွေးပွဲက လုပ်ငန်းစီမံချက်များ ချမှတ်ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲတွင် လုပ်ငန်းစီမံချက်များ ရေးဆွဲရာ၌ သိသင့်သည့် အကြောင်းအရာများ၊ အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းစဉ်များ၊ မြေစီမံခန့်ခွဲမှုဆိုင်ရာ ခေါင်းစဉ်များ၊ အဖွဲ့ငယ်များ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ လိုအပ်ချက်များနှင့် ဖြေရှင်းဆောင်ရွက် နိုင်သည့် နည်းလမ်းများကို အုပ်စု ၇ စု ခွဲ၍ နှစ်ရက်ကြာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

အဆိုပါဆွေးနွေးပွဲသို့ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ အထောက်အကူပြုလုပ်ငန်း အဖွဲ့ဝင်များ၊ နည်းပညာအကြံပေးအဖွဲ့ဝင်များ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။

                                                                                                (သတင်းစဉ်)