

နေပြည်တော်၊ သြဂုတ်လ ၂၂
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး သည် အမေရိကန်နိုင်ငံ၊ သံအမတ်ကြီး H.E. Mr. Scot Marciel ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရှေ့နေချုပ်က တရားဥပဒေစိုးမိုးရေးနှင့် တရား စီရင်ရေးကဏ္ဍ တိုးတက်ကောင်းမွန်ရေးအတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးက ပါဝင် ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ဥပဒေရုံးများ၏ လုပ်ငန်းစွမ်းရည် တိုးတက်ကောင်းမွန်ရေး အတွက် Pilot Law Office များထူထောင်၍လည်းကောင်း၊ ဥပဒေအရာရှိကျင့်ဝတ်နှင့် မျှတသော တရားစီရင်ရေးဆိုင်ရာစံနှုန်းများ သတ်မှတ်ထုတ်ပြန်၍လည်းကောင်း ဆောင်ရွက် လျက်ရှိသည့်အခြေအနေများကို ရှင်းလင်းပြောကြားပါသည်။ ဆက်လက်၍ တရားဥပဒေ စိုးမိုးရေးနှင့် တရားစီရင်ရေးကဏ္ဍနှင့်သက်ဆိုင်သည့်လုပ်ငန်းများ၊ လူကုန်ကူးမှု၊ မူးယစ် ဆေးဝါးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် အမေရိကန်နိုင်ငံရှေ့နေချုပ်ရုံး နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့အကြား ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများ၊ နှစ်နိုင်ငံ ဥပဒေအရာရှိများအကြား လုပ်ငန်းအတွေ့အကြုံများကို အပြန်အလှန်ဖလှယ် ဆွေးနွေးဆောင်ရွက်မည့်ကိစ္စနှင့် သင်တန်းအစီအစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဆွေနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ဖြူမာဝေတို့ တက်ရောက် ခဲ့ပါသည်။
(သတင်းစဉ်)
