ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် ၂/၂၀၂၁ သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊   ဇွန်  ၂၈

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ရုံးအုပ်နှင့် ဌာနခွဲစာရေးများ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် ၂/၂၀၂၁ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၀၉း ၃၀ နာရီ အချိန်က ကျင်းပ ပြုလုပ်ရာ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။

ပြည်ထောင်စုရှေ့နေချုပ်က ပြောကြားရာတွင် ယခုဖွင့်လှစ်သော သင်တန်းသည် ပြည်ထောင်စု ရှေ့နေချုပ်ရုံးရှိ ဦးစီးဌာန အသီးသီးတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ရုံးအုပ်နှင့် ဌာနခွဲစာရေး များအား မိမိတို့ ဌာန၏ ရုံးလုပ်ငန်းနှင့် ငွေစာရင်း ဘတ်ဂျက် ကိစ္စရပ်များကို တာဝန်ယူဆောင်ရွက် ရာတွင် မှန်ကန်တိကျမှုရှိစေရန်၊ လျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်စေရန်၊ ဌာနတွင်း ထိန်းသိမ်း ထားရှိရမည့် စာရွက်စာတမ်းများ၊ အမှုတွဲများကိုစနစ်တကျ စီစဉ်ဆောင်ရွက်နိုင် စေရန်၊ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများကို ကောင်းစွာသိရှိနားလည်စေရန်၊ မိမိအထက် အရာထမ်းများကို အထောက်အကူပြု ကူညီပံ့ပိုးနိုင်စေရန်နှင့် မိမိကြီးကြပ် ကွပ်ကဲရသော အမှုထမ်းများကို ရှေ့ဆောင်လမ်းပြနိုင်စေရန်အတွက် “ရုံးအုပ်နှင့် ဌာနခွဲစာရေးများ လုပ်ငန်းခွင် ကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် ၂/၂၀၂၁” ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းအမှတ်စဉ် ၁/၂၀၂၁ ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ သင်တန်းတက်ရန် ကျန်ရှိနေသော ရုံးအုပ်နှင့် ဌာနခွဲစာရေးများအတွက် ဆက်လက်ဖွင့်လှစ်သည့် သင်တန်းဖြစ်ကြောင်း၊ သင်တန်းသားများသည် မိမိတို့၏ နေ့စဉ်လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် သိရှိနားလည် တတ်ကျွမ်းရန် လိုအပ်သော ရုံးလုပ်ငန်းများ၊ ရုံးစာရေးသားခြင်းများ၊ မှတ်ပုံတင်စာအုပ် ထားရှိပုံ များနှင့် ဖိုင်တွဲထားရှိပုံများ၊ အမှုတွဲထိန်းသိမ်းခြင်းများ၊ ပင်စင်ကိစ္စများ၊ ဘတ်ဂျက်နှင့် ငွေစာရင်း ဆိုင်ရာ ကိစ္စရပ်များကို လုပ်ငန်းအတွေ့အကြုံရှိသော ဆရာ၊ ဆရာမများက စာတွေ့ရော လက်တွေ့ပါ သင်ကြား‌ပေးမည်ဖြစ်ကြောင်း၊ ယခုသင်တန်းတွင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ စီမံခန့်ခွဲရေး ဆိုင်ရာ ညွှန်ကြားချက်များ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စများ၊ တင်ဒါ‌ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ E-Government ၊ MLIS ၊ စာကြည့်တိုက် ပညာရပ်များအပြင် ရုံးသုံး အင်္ဂလိပ်စာ အခေါ်အဝေါ်များနှင့် အစိုးရလျှို့ဝှက်ချက်အက် ဥပဒေတို့ကို ပို့ချပေးမည်ဖြစ် ကြောင်း၊ သင်တန်းတွင် စာတွေ့လက်တွေ့ သင်ကြားပို့ချမည်ဖြစ်၍ တန်ဖိုးမဖြတ်နိုင်သော အတွေ့ အကြုံ ဗဟုသုတများ ရရှိလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ သင်တန်းမှ ရရှိသော အတွေ့အကြုံ၊ ဗဟုသုတ အားလုံးသည် မိမိတို့ဝန်ထမ်းဘဝ တစ်လျှောက်လုံး အသုံးဝင်မည်ဖြစ်ကြောင်း၊ သင်တန်း သားများသည် ရုံးအုပ်နှင့် ဌာနခွဲစာရေး ရာထူးများ ဖြစ်ကြသောကြောင့် မိမိတို့အောက်ရှိ အကြီးတန်း စာရေးများ၊ အငယ်တန်းစာရေးများနှင့် ရုံးအကူများကို ရှေ့ဆောင်လမ်းပြ သွန်သင်ပေးရန်လိုကြောင်း၊မိမိအထက် အရာရှိများအပေါ် လေးစားခြင်း၊ အမိန့်နာခံခြင်းများ ရှိရန်လိုမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဂုဏ်သိက္ခာကို ကိုယ်တိုင်စောင့်ထိန်း လိုက်နာသကဲ့သို့ အခြား သူများကိုလည်း လိုက်နာကျင့်သုံး စေရန်အတွက် ကြီးကြပ်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ် ကြောင်း စသည်ဖြင့် ပြောကြားပါသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းဆရာ/ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ သင်တန်းကာလမှာ ရက်သတ္တ ၂ ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

                (သတင်းစဉ်)