နေပြည်တော်၊ ဇူလိုင် ၁၅

ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ရုံးအုပ်နှင့် ဌာနခွဲစာရေးများ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် ၂/၂၀၂၁ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တက်ရောက်၍ အမှာစကား ပြောကြားသည်။
ပြည်ထောင်စုရှေ့နေချုပ်က ပြောကြားရာတွင် ယခုဖွင့်လှစ်သော သင်တန်းတွင် ရုံးလုပ်ငန်းများ၊ ရုံးစာရေးသားခြင်း၊ မှတ်ပုံတင်စာအုပ်နှင့် ဖိုင်တွဲများထားရှိပုံ၊ အမှုတွဲထိန်းသိမ်းခြင်း၊ ပင်စင်ကိစ္စ၊ မှတ်တမ်းဌာနစုနှင့် ရုံးစစ်ဆေးခြင်း ကိစ္စရပ်များ၊ ဘတ်ဂျက်နှင့် ငွေစာရင်းဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ စီမံခန့်ခွဲရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အခြားသိသင့် သိထိုက်သော အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စများ၊ ရုံးသုံး အင်္ဂလိပ်စာ အခေါ်အဝေါ်များ၊ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ စသည်တို့ကို ပို့ချပေးခဲ့သည့်အပြင် ဒုတိယ ရှေ့နေချုပ်က စာအုပ်ထုတ်ဝေရေး သိကောင်းစရာများနှင့် စာကြည့်တိုက်ပညာရပ် အတွေ့အကြုံ များကို လမ်းညွှန်ပို့ချ ပေးခဲ့ပါသဖြင့် ပညာဗဟုသုတများစွာ ရရှိခဲ့ကြမည်ဟု ယုံကြည်ပါကြောင်း၊ သင်တန်းမှ ရရှိသော သင်ခန်းစာ ဗဟုသုတ များသည် မိမိတို့ ဝန်ထမ်းဘဝ တစ်လျှောက်လုံးအတွက် အသုံးဝင်မည့် အရာများ ဖြစ်သည်ကို သိရှိမှတ်သား ထားစေလိုကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ် ရုံး၏ ဂုဏ်သိက္ခာကို မိမိကိုယ်တိုင် စောင့်ထိန်း လိုက်နာရန်နှင့် တာဝန်ရှိသူအဆင့်ဆင့်က ကြီးကြပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုရှေ့နေချုပ်က သင်တန်း၌ ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ပါသည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်း ဆရာ/ ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)
