နေပြည်တော် နိုဝင်ဘာ ၁၂

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာနယ်ပယ်(၁) အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာလ ၁၂ ရက်၊ နံနက် ၁၀ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး ဆိုင်ရာ မဟာဗျူဟာနယ်ပယ်(၁) အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင်နှင့် ကော်မတီဝင်များဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံးစမ်းစစ်ဆေးရေးဦးစီးဌာန၊ ငွေကြေးဆိုင်ရာမှုခင်း တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေး၌ ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်က ပြောကြားရာတွင် မိမိတာဝန်ယူ ဆောင်ရွက်နေစဉ်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါပျံ့နှံနေမှုများနှင့် အခြားအခြေအနေ များကြောင့် အစည်းအဝေး ခေါ်ယူကျင်းပနိုင်ခဲ့ခြင်းမရှိဘဲ စာဖြင့်ဆက်သွယ်၍ ၄ လတစ်ကြိမ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သို့ အစီရင်ခံစာ ပေးပို့ခဲ့ပါကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်း မဟာဗျူဟာနယ်ပယ်(၁) ဆောင်ရွက်ရမည့်အချက် ၁၀ ချက်ရှိပြီး ယခုလက်ရှိအထိ ၅၀% ဆောင်ရွက် ပြီးစီးပြီးဖြစ်ပါကြောင်း၊ ကော်မတီများ ကြိုးပမ်းဆောင်ရွက်မှုကြောင့် မြန်မာနိုင်ငံ၏ တိုးတက် ဆောင်ရွက်မှုများကို စောင့်ကြည့်မည့်နိုင်ငံနှင့် ဒေသများစာရင်းမှ ပယ်ဖျက်နိုင်ရေးကို ၂၀၁၈ ခုနှစ်မှ စတင်၍ APJG သို့ တိုးတက်မှုအစီရင်ခံစာများ ပေးပို့လျက်ရှိရာ ၂၀၂၁ ခုနှစ်တွင် FATF အကြံပြုချက် ၄၀ အနက် စံနှုန်းသတ်မှတ်ချက် ၂၃ ချက်မှာ ကောင်းမွန်ခဲ့ပြီးဖြစ်ကြောင်း၊ မဟာဗျူဟာနယ်ပယ်(၁) အောက်ရှိ ၂၀၂၁ ခုနှစ်အတွင်း ဆောင်ရွက်ရန် ကျန်ရှိသည့်အချက် ၂ ချက်ဖြစ်သည့် ဥပဒေရေးရာ ပုဂ္ဂိုလ် (legal person)၊ ကုမ္ပဏီအဖွဲ့အစည်းများနှင့် ဥပဒေရေးရာ စီစဉ်ဆောင်ရွက်မှု၏ အကျိုး ခံစားပိုင်ခွင့်ရှိသူပိုင်ရှင် (Beneficial Ownership)ဆိုင်ရာ သတင်းအချက်အလက်များနှင့် ပွင့်လင်း မြင်သာမှုရှိစေရန်အချက်နှင့် တရားမဝင် ငွေလွှဲလုပ်ငန်းများကို အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာ နိုင်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ ဆုံးရှုံးနိုင်ခြေ အန္တရာယ်များ လျော့နည်းကျဆင်းစေရန် အချက်တို့ကို အချိန်မီပြီးစီး ဆောင်ရွက်နိုင်ရေးနှင့် ကျန်ရှိသည့်အချက်များ ပြီးစီးအကောင်အထည်ဖော်နိုင်ရေး ပြောကြားခဲ့ပြီး အတွင်းရေးမှူးမှ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
အစည်းအဝေးတွင် ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ မူဝါဒများ၊ ညွှန်ကြားချက်များနှင့် ဥပဒေမူဘောင်များကို ဖော်ထုတ်ရရှိသည့် ဆုံးရှုံးနိုင်ခြေ အန္တရာယ်များနှင့် ကိုက်ညီပြီး နိုင်ငံတကာ စံနှုန်းများနှင့်အညီ ပိုမိုတိုးတက်ခိုင်မာစေရေး အတွက် မဟာဗျူဟာနယ်ပယ်(၁) အောက်ရှိ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျန်ရှိသည့် အချက်များ ဖြစ်သည့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေ/နည်းဥပဒေ ပြင်ဆင်ခြင်းကိစ္စ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး နည်းဥပဒေ ပြင်ဆင်ရေးဆွဲခြင်းကိစ္စ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ/ နည်း ဥပဒေများအား ပြင်ဆင်ရေးဆွဲရေးကိစ္စ၊ သားငှက်တိရိစ္ဆာန် ထိန်းသိမ်းရေး နည်းဥပဒေ ပြင်ဆင် ရေးဆွဲခြင်းကိစ္စ၊ ဝင်ငွေခွန်နှင့် အကောက်ခွန်ဥပဒေ ပြင်ဆင်ရေးဆွဲရေးကိစ္စ၊ လောင်းကစား ဥပဒေ ပြင်ဆင်ရေးကိစ္စ၊ တရားမဝင် ငွေလွှဲလုပ်ငန်းများကို အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့ခြင်းဆိုင်ရာ ဆုံးရှုံးနိုင်ခြေ အန္တရာယ်များ လျော့နည်းကျဆင်းစေရေးကိစ္စ၊ ဥပဒေရေးရာပုဂ္ဂိုလ်(legal person)၊ ကုမ္ပဏီအဖွဲ့အစည်းများနှင့် ဥပဒေရေးရာ စီစဉ်ဆောင်ရွက်မှု၏ အကျိုးခံစား ပိုင်ခွင့်ရှိသူပိုင်ရှင် (Beneficial Ownership)ဆိုင်ရာ သတင်းအချက်အလက်များနှင့် ပွင့်လင်းမြင်သာမှု ရှိစေရေးကိစ္စတို့နှင့် စပ်လျဉ်း၍ ကဏ္ဍတစ်ခုချင်း အလိုက် အချိန်မီပြီးစီး အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)
