တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် ၁/၂၀၂၂ ကျင်းပ

နေပြည်တော်  ဇွန်  ၈

တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် ၁/၂၀၂၂ ကို ယနေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် ဥပဒေရေးရာ  ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အဖွဲ့ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၁၉-၆-၂၀၂၁ ရက်နေ့တွင် အမိန့် ကြော်ငြာစာအမှတ်  ၁၈၉/၂၀၂၁ ဖြင့်  တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်း များ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း၊ အဖွဲ့ဝင် ၁၅ ဦး ပါဝင် ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် တရားဥပဒေစိုးမိုးရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ခွဲများကို အဖွဲ့ဝင် ၉ ဦးစီဖြင့် ဖွဲ့စည်းထားကြောင်း၊ ဗဟိုအဖွဲ့နှင့် ပြည်နယ်/တိုင်း အဖွဲ့ခွဲများ ပါဝင်သည့် အစည်းအဝေးများကို ဆက်လက်ကျင်းပရန်ရှိပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအစိုးရလက်ထက်တွင်  ယခုအဖွဲ့အနေဖြင့် ပထမဆုံး အကြိမ်ပြုလုပ်သည့် အစည်းအဝေး ဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ အဓိကကျသည့် အခန်း ကဏ္ဍတွင်  ပါဝင်နေပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍများနှင့် စပ်လျဉ်း၍ ပြည်သူများအတွက် တရားမျှတမှုရရှိရန် သက်ဆိုင်ရာဌာနများအကြား ပေါင်းစပ်ညှိနှိုင်းရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၅-၂၀၁၉ တွင် မဟာဗျူဟာစီမံကိန်း “တရား ဥပဒေစိုးမိုးရေးဆီသို့” ဟူ၍ ရှိခဲ့ကြောင်း၊ ၂၀၂၀ -၂၀၂၄ တွင်လည်း “တရားမျှတမှုအတွက် ဥပဒေ ဝန်ဆောင်မှု”ဟူသည့် မဟာဗျူဟာ စီမံကိန်းရှိခဲ့ပါကြောင်း၊ မိမိတို့ရုံး၏ မဟာဗျူဟာတွင် တရားမျှတမှုအတွက် ပေါင်းစပ်ညှိနှိုင်းရေးဆိုသည့် အချက် ပါဝင်ကြောင်း၊ ထိုမဟာဗျူဟာကြီး နှစ်ခုအပြင် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့၏ မဟာဗျူဟာမှာ ပြည်သူ့အတွက် တရားမျှတမှု (Justice for People )ဖြစ်ကြောင်း၊ ယခင်အစိုးရလက်ထက်တွင် Justice for People နှင့်စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာစံလုပ်ထုံးလုပ်နည်းများ စာအုပ်ထုတ်ဝေနိုင်ခဲ့ကြောင်း၊ ယခုအခြေအနေတွင် တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အနေဖြင့် လုပ်ငန်း အကောင်အထည်ဖော်ရာတွင် အခက်အခဲနှင့် စိန်ခေါ်မှု များစွာရှိသော်လည်း မိမိတို့အနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအတွက် ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယနေ့ အစည်းအဝေးတွင်  တက်ရောက်လာကြသူများက မိမိတို့အဖွဲ့အနေဖြင့် လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေအောင် မည်သို့ဆက်လက် လုပ်ဆောင်ကြမည်ကို  ဝိုင်းဝန်းဆွေးနွေး ပေးစေ လိုကြောင်း ပြောကြားပါသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက  တရားမျှတမှုဆိုင်ရာ ပေါင်းစပ်  ညှိနှိုင်းမှုများကိုဆောင်ရွက်ရန်၊ ဥပဒေအသိပညာပေးဆွေးနွေးပွဲများပြုလုပ်ရန် နှင့် ပြည်သူလူထု ၏ ယုံကြည်ကိုးစားမှုရရှိအောင်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို ဝိုင်းဝန်းဆွေးနွေးကြ ပါသည်။

အစည်းအဝေးသို့ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်    ညှိနှိုင်းရေးအဖွဲ့၏ ဥက္ကဋ္ဌ ၊ ဒုတိယ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)