နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဇွန်  ၁၄

 

နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများသည် ဥပဒေပညာအခြေခံ ဗဟုသုတများ ရှိရန်လိုအပ်သဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၏ လမ်းညွှန်ချက်နှင့်အညီ ဤသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနသည် တရားမျှတမှုအတွက် ဥပဒေဝန်ဆောင်မှု မဟာဗျူဟာစီမံကိန်းနှင့်အညီ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်မှုအနေဖြင့် ဝန်ကြီးဌာနအသီးသီးမှ အရာရှိများကိုလည်း ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း အမျိုးမျိုးပို့ချပေးခြင်း၊ ဥပဒေစာအုပ်များ ထုတ်ဝေခြင်းများအပြင် ဥပဒေ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဥပဒေစာတမ်းဖတ်ပွဲများ ကျင်းပခြင်းများ ဆောင်ရွက် နေသလို ဥပဒေအသိပညာ ပြန့်ပွားရေးအတွက် မြန်မာ့ဥပဒေသတင်းအချက်အလက်စနစ်(MLIS) ကိုလည်း တည်ထောင်ထားပြီး ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာများ၊ ဥပဒေရေးဆွဲခြင်း၊ စီးပွားရေးစာချုပ်စာတမ်းများ စိစစ်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာနှင့် အာဆီယံ ဥပဒေဆိုင်ရာများ၊ ပြစ်မှုဆိုင်ရာဥပဒေ၊ တရားမဥပဒေနှင့် အထူးနှင့် အထွေထွေ ဥပဒေများ နှင့်စပ်လျဉ်း၍  ဥပဒေအသိပညာ များစွာရရှိစေရန် ကြိုးပမ်းစီစဉ် ဆောင်ရွက်ထား ပါကြောင်း၊ သင်တန်းတွင် အတွေ့အကြုံ များစွာရှိသည့် ဆရာကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်များက ဆွေးနွေးပို့ချပေးမည် ဖြစ်ပါကြောင်း၊ သင်တန်းကို ရုံးချိန်ပြင်ပတွင် နံနက် ၇:၃၀ နာရီမှ ၉:၃၀ နာရီအထိသင်ကြားပို့ချမည်ဖြစ်ပြီး ရက်သတ္တပတ် (၈)ပတ်ကြာ ပို့ချမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက် ပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်(certificate) ပေးအပ်မည် ဖြစ်ကြောင်း၊ ဥပ‌‌ဒေပညာ သင်တန်းကျောင်း ဆောက်လုပ်ပြီးစီးပါက ဥပဒေအသိပညာပြန့်ပွားရေး လုပ်ငန်းများ ယခုထက် အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ သင်တန်းတွင် ပို့ချမည့် ဥပဒေဗဟုသုတများကို သေချာစွာ လေ့လာသင်ယူပြီး နိုင်ငံတော်အတွက်၊ ဌာနအတွက်နှင့် လူမှုပတ်ဝန်းကျင်အတွက်ပါ ထိရောက်စွာ အသုံးချနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီး ဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ စုစုပေါင်း (၂၆)ဦး  တက်ရောက်ကြောင်းသိရသည်။

            (သတင်းစဉ်)