ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဥပဒေအသိပညာပြန့်ပွားရေးဌာန Legal Advocacy Center သင်တန်းခန်းမဆောင်နှင့် အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦ RCC(၃)ထပ်ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနား တက်ရောက်

နေပြည်တော် ဩဂုတ်  ၂၁

         

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေ အသိပညာပြန့်ပွားရေးဌာန Legal Advocacy Center သင်တန်းခန်းမဆောင်နှင့် အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦ RCC (၃)ထပ် အဆောက်အဦ ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်(၈)နာရီတွင် ကျင်းပပြုလုပ်ရာ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။ အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေးဌာနသည် ယခင်ဆောင်ရွက်ဆဲ စီမံချက်တစ်ရပ်ကို ဆက်လက်ဆောင်ရွက်ခြင်းဖြစ်ပြီး ဆောက်လုပ်ပြီးစီးပါက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏  လမ်းညွှန်ချက်များနှင့်အညီ  ဥပဒေအသိပညာ ပြန့်ပွားရေးဆိုင်ရာ ကိစ္စရပ်များကို အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်မည့် ဥပဒေအသိပညာပြန့်ပွားရေးဌာန Legal Advocacy Center သင်တန်းခန်းမဆောင်နှင့် အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦ (၁၈၀ ပေ x ၁၃၀ ပေ) RCC (၃)ထပ် အဆောက်အဦ၏ “ပန္နက်တော်တင်မင်္ဂလာ” အခမ်းအနားသို့ တက်ရောက်လာကြသော အကြီးအကဲများဖြစ်သည့် ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့် တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် တာဝန်ရှိသူများမှ ရတနာပန္နက်တော်တင်မည့်  ပန္နက်တိုင် (၉)နေရာတို့တွင်  အသီးသီးနေရာယူခြင်း၊ အခမ်းအနားမှူးက ဇယမင်္ဂလာ အောင်ဂါထာကို ဖတ်ကြားခြင်း၊ အကြီးအကဲများမှ ပန္နက်တော်ဌာနတွင် ရတနာပန္နက်တော် (၉)ချက်တင်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပြီး ရတနာ ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

(သတင်းစဉ်)