တရားလွှတ်တော်ရှေ့နေများကောင်စီ အစည်းအဝေး အမှတ်စဉ် ၃/ ၂၀၂၂ အစည်းအဝေး ကျင်းပပြုလုပ်

နေပြည်တော် ဩဂုတ်  ၂၆

         

တရားလွှတ်တော်ရှေ့နေများကောင်စီ၏ ၃/ ၂၀၂၂ အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ အားကစားလေ့ကျင့်ရေးစခန်း၊ တိုက်အမှတ် (၆)၊ Cluster-1 ၌ ကျင်းပပြုလုပ်ရာ တရားလွှတ်တော်ရှေ့နေများကောင်စီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့် ကောင်စီ အဖွဲ့ဝင်များ စုံညီစွာတက် ရောက်ကြသည်။

အစည်းအဝေးတွင် ကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ရှေ့နေကျင့်ဝတ် ဖောက်ဖျက် မှုများနှင့် စပ်လျဉ်းပြီး အရေးယူရန် သင့်-မသင့်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က သဘောထား တောင်းခံမှုအပေါ် အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ပြီး သဘောထား ပြန်ကြားပေးရန်ဖြစ်ကြောင်း၊ တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထားလွှာ (၁၉၂)ဦး အတွက်လည်း ကန့်ကွက်ရန် ရှိ- မရှိ မှတ်ချက်ပြု ပေးစေလိုကြောင်း၊ ကောင်စီဝင်များအနေဖြင့် အကြံပြုတွေ့ရှိချက် သုတေသနစာတမ်းများနှင့် ရှေ့နေရှေ့ရပ်များ အရည်အချင်း ပြည့်ဝရေးအတွက် အသိပညာပေး နိုင်သော သင်တန်းများ ပေးရေးကိုလည်း ဝိုင်းဝန်းဆွေးနွေး စေလိုကြောင်း၊ ရှေ့နေ Lawyer နှင့် ဥပဒေပညာရှင် စကားရပ်ကို  အဓိပ္ပာယ်ဖွင့်ဆိုရေး ကိစ္စနှင့် နိုတရီအယ် တံဆိပ်ခေါင်း (NOTARIAL STAMP) လက်ရှိ ရောင်းချလျက်ရှိသော နေရာများ ဆုံးဖြတ်ကြရန်လည်း လိုကြောင်း၊ တရား လွှတ်တော်ရှေ့နေများကောင်စီက ထုတ်ဝေမည့် ပြက္ခဒိန်၊ ဒိုင်ယာရီနှင့် မှတ်စုစာအုပ် တို့ကိုလည်း ဆွေးနွေးအကြံပြု ပေးစေလိုကြောင်း၊ နှစ်စဉ်ကြေးများကို Online စနစ်ဖြင့် ပေးသွင်းနိုင်ရန် Software ရေးဆွဲရေး ကိစ္စကိုလည်း ဆွေးနွေးစေလိုကြောင်း  ပြောကြားပါသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ကောင်စီ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဖြစ်ကြသော  ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယ ရှေ့နေချုပ် ဦးစန်းလွင်၊ တရားလွှတ်တော်ရှေ့နေများ ဖြစ်ကြသော ဦးမြသိန်း၊ ဒေါ်ခင်နုသာ၊ ဦးလှဟန်၊ ဦးစိုးမြင့်၊ ဦးစိုးသိန်း၊ ဦးဝင်းဖေ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရား စီရင်ရေး ကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုး၊ ကောင်စီအတွင်းရေးမှူး ဥပဒေရေးရာဝန်ကြီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီသီမြင့်တို့က ပြန်လည်ဆွေးနွေး တင်ပြကြပြီး၊ ကောင်စီ ဥက္ကဋ္ဌက ဆွေးနွေးအကြံပြုချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးကို နေ့လယ်ပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)