ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကိုပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ အပြီးသတ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၇

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) နှင့် စပ်လျဉ်း၍ အစည်းအဝေးကို ၆-၉-၂၀၂၂ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်၌ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာစန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးဝင်း ဦးဆောင်သည့်အဖွဲ့နှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်၊ ညွှန်ကြားရေးမှူး ဦးကျော်ဌေးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်မျိုးတို့ တက်ရောက်ခဲ့ကြပြီး ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) ကို လတ်တလောပြဋ္ဌာန်းရန် သင့် မသင့် နှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းရာတွင် ၂၀၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေတွင် လိုအပ်ချက်များ ဖြည့်စွက်ရန် လိုအပ်ကြောင်း တွေ့ရှိသဖြင့် ပြင်ဆင်သည့် ဥပဒေကို လတ်တလော ပြဋ္ဌာန်းသင့်ကြောင်းနှင့် ပြင်ဆင်လိုသည့် ပုဒ်မများအား အပြီးသတ်ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။

(သတင်းစဉ်)