ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေသုတေသနအဖွဲ့၏ လုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ  ၈

ဥပဒေသုတေသနအဖွဲ့၏ လုပ်ငန်းဆိုင်ရာညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁ဝး၀၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန ၊ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက မြန်မာနိုင်ငံတွင် ဥပဒေသုတေသန (Legal Research) များ အားကောင်းရန် လိုအပ်ကြောင်း၊ သို့မှသာ တရားဥပဒေစိုးမိုးရေးအတွက် မှန်ကန်သော ဥပဒေအတွေးအမြင် ဗဟုသုတများ ပေါ်ထွက်လာမှာ ဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနသည် ဥပဒေသုတေသနလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးကို မဟာ ဗျူဟာရည်မှန်းချက်အဖြစ် ထားရှိပြီး ၂၀၁၆ ခုနှစ်ကပင် စတင်ခဲ့ရာ ယခုအခါ အဖွဲ့ဝင် (၇၁) ဦး ဖြင့် ထိရောက်စွာ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စာတမ်းများ ပြုစုပြီးလျှင် စုစည်း၍ သုတေသန ဂျာနယ်များ၊ စာတမ်းပေါင်းချုပ်များ ထွက်ရှိမှာ ဖြစ်ကြောင်း၊ စိန်ခေါ်မှုရှိသည့် ဥပဒေပြဿနာများကို ဦးစားပေးလေ့လာသုတေသနပြုသင့်ကြောင်း၊ ယခုအခါ ပထမအကျော့ ရေးသားထားသော စာတမ်းများ ပြီးစီးပြီဟု သိရှိရကြောင်း၊ ဥပဒေသုတေသနအဖွဲ့အတွက် စံလုပ်ငန်းစဉ်ပြုစုပြီးလည်း ဖြစ်ကြောင်း၊ဥပဒေသုတေသနလုပ်ငန်းအဖွဲ့အနေဖြင့် ဥပဒေရေးရာဝန်ကြီးဌာနကို ပြည်သူများ ယုံကြည်ကိုးစားပြီး အားကိုးရသည့် စံပြအဖွဲ့အစည်းတစ်ခုဖြစ်စေရေး၊ အရည်အသွေးပြည့်ဝသော ဥပဒေရေးရာဝန်ဆောင် မှုများပေးနိုင်ရေး၊ တရားဥပဒေစိုးမိုးရေး တိုးတက်အားကောင်းလာစေရေး၊ တရားမျှတမှုကို ပြည်သူ အားလုံးလက်လှမ်းမီစေရေး၊ ကျင့်ဝတ်သိက္ခာနှင့် ပြည့်စုံပြီး အရည်အချင်း ပြည့်မီသော ဥပဒေ အရာရှိများဖြစ်စေရေးအတွက် အထောက်အပံ့ပြုနိုင်မည့်ဥပဒေသုတေသနစာတမ်းများ ပြုစုရန် လိုအပ်ကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန၊ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ ညွှန်ကြားရေးမှူးချုပ်များ ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဥပဒေသုတေသန အဖွဲ့၏ လုပ်ငန်းအဖွဲ့ဝင်များနှင့် ဥပဒေသုတေသနဌာနစိတ်မှ တာဝန်ရှိသူများ တက်ရောက်ကြ ကြောင်း သိရသည်။

(သတင်းစဉ်)