နေပြည်တော် နိုဝင်ဘာ ၁၅
နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ယခုသင်တန်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ပြည်ထောင်စုဝန်ကြီးဌာနနှင့် အဖွဲ့အစည်း အသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ အနေဖြင့် ဥပဒေပညာလေ့လာပြီး ဥပဒေဒီပလိုမာဘွဲ့ သို့မဟုတ် ဥပဒေရေးရာကျွမ်းကျင်ကြောင်း အသိအမှတ်ပြု လက်မှတ်တစ်ခုခု ရရှိရေးအတွက် ဆောင်ရွက်နိုင်ရန် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန အနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့တွင် ဥပဒေရေးရာ၌ အဓိက အရေးပါသော အခန်းကဏ္ဍမှ ပါလျက်ရှိပြီး နိုင်ငံတော်ဝန်ကြီးချုပ်အား ဥပဒေနှင့်ပတ်သက်၍ တာဝန်ခံရကြောင်း နိုင်ငံတော်အကြီးအကဲ၏ မိန့်ခွန်းများတွင် ထည့်သွင်းပြောကြားသည်ကို မျှဝေလိုပါကြောင်း၊
ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍများတွင် တရားမျှတမှုဆိုင်ရာကိစ္စများ ပိုမိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန် ဥပဒေရေးရာဝန်ကြီးဌာနကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စုရှေ့နေချုပ်ဥပဒေကို ပြင်ဆင်ခဲ့ပါကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနသည် တရား မျှတရေးအတွက် ဥပဒေဝန်ဆောင်မှုဟူသည့် ခေါင်းစဉ်ဖြင့် မဟာဗျူဟာစီမံကိန်း(၂၀၂၀-၂၀၂၄)ကို ရေးဆွဲကာ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ တရားဥပဒေစိုးမိုးရေး၏ အညွှန်းကိန်းများဖြစ်သည့် ဥပဒေပညာဖြန့်ဖြူးခြင်း၊ ဥပဒေ စာအုပ်များ ပြုစုထုတ်ဝေခြင်း၊ ဥပဒေသုတေသန စာတမ်းများပြုစုခြင်း ဥပဒေသင်တန်းများ ပေးခြင်း စသည်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊
ယခုသင်တန်းတွင် နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအနေဖြင့် သိသင့်သိထိုက်သည့် ဥပဒေ ရေးရာ ကိစ္စရပ်များဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ဥပဒေရေးဆွဲခြင်း၊ စီးပွားရေးစာချုပ် စာတမ်းများစိစစ်ခြင်း၊ အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အာဆီယံဥပဒေများ လက်တွေ့အသုံးချမှု၊ ပြစ်မှုဆိုင်ရာနှင့် အထူးဥပဒေများ လက်တွေ့အသုံးချမှု၊ တရားမဆိုင်ရာ ကိစ္စများ၊ အထွေထွေဥပဒေအကြံပေးရေးဆိုင်ရာ ကိစ္စများကို သင်ကြားပို့ချပေးမည် ဖြစ်ပါကြောင်း၊ သင်တန်းတွင် သင်ကြားပို့ချမည့် ဆရာများသည်လည်း ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများမှ အကြီးအကဲများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ ဥပဒေရေးရာဝန်ကြီးဌာနမှ အငြိမ်းစား ယူပြီးသည့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ကြီးများ၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်သူများက သင်ကြားပို့ချမည် ဖြစ်ပါကြောင်း၊ သင်တန်းပြီးမြောက်အောင် တက်ရောက်ခဲ့သည့် သင်တန်းသားများကိုလည်း ဥပဒေရေးရာကျွမ်းကျင်ကြောင်း အသိအမှတ်ပြု လက်မှတ်(Certificate)များ ပေးအပ်ချီးမြှင့်မည် ဖြစ်ပါကြောင်း၊ ဥပဒေသင်တန်းကျောင်း ဖွင့်လှစ် ပြီးပါက ဥပဒေဒီပလိုမာဘွဲ့ ပေးအပ်ချီးမြှင့်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
ယခင် ဖွင့်လှစ်ခဲ့သည့် သင်တန်းအမှတ်စဉ်(၁)၏ အားနည်းချက်၊ အားသာချက်များကို စိစစ်ပြုပြင်ပြီး ယခုသင်တန်းကို ထပ်မံဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း သင်တန်းကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် နံနက် (၈) နာရီမှ (၁၀) နာရီထိ ရက်သတ္တပတ် (၉)ပတ်ကြာ ဖွင့်လှစ်ပို့ချမည် ဖြစ်ပါကြောင်း၊ သင်တန်းသားများ၏ သင်တန်းတက်ရောက်ပြီးစီးမှု အခြေအနေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ အစီရင်ခံတင်ပြမည်ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက် ခဲ့ကြသည့် သင်တန်းသား သင်တန်းသူများသည် ဤသင်တန်းမှ သင်ကြားပို့ချပေးသည့် ဥပဒေ ပညာရပ်များကို မိမိတို့လုပ်ငန်းခွင်နှင့် နိုင်ငံတော်အတွက် လက်တွေ့အသုံးချ ဆောင်ရွက်နိုင် မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးကျော်ဆန်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် အဖွဲ့ဝင် ဒေါ်ခင်ချိုအုန်း၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဦးကျော်စိန်၊ ဥပဒေ ရေးရာဝန်ကြီးဌာနမှ ဌာနအကြီးအကဲများ တက်ရောက်ကြသည်။
သင်တန်းတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၁)၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီး ဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့မှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်ရာထူးအဆင့် သင်တန်းသား သင်တန်းသူ စုစုပေါင်း (၃၅)ဦး တက်ရောက်ကြကြောင်း သိရသည်။
(သတင်းစဉ်)