နေပြည်တော် ဇန်နဝါရီ ၁၂
နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ် အစည်းအဝေးခန်းမ၌ကျင်းပသည်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ယခုသင်တန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန် ချက်နှင့်အညီ ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် နိုင်ငံ့ဝန်ထမ်းအကြီး အမှူးများအား ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း တက်ရောက်ပြီးစီးကြောင်း အသိအမှတ်ပြု လက်မှတ်(Certificate of Legal Advocacy CLA) ပေးအပ်နိုင်စေရန် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ စုစုပေါင်း (၃၅)ဦးတက်ရောက်ခဲ့ ကြပါကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် ဥပဒေအသိ ပညာပေး သင်တန်းများဖွင့်လှစ်ခြင်း၊ ဥပဒေစာအုပ်များ ထုတ်ဝေခြင်း၊ ဥပဒေသုတေသနပြုပြီး စာတမ်းများဖတ်ကြားခြင်း၊ ဥပဒေသတင်းအချက်အလက်စနစ် တည်ထောင်ထားရှိခြင်းစသည့် ဥပဒေဝန်ဆောင်မှုများကို ပုံစံအမျိုးမျိုးဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းတွင် ဥပဒေ ရေးရာဝန်ကြီးဌာနမှ ဦးစီးဌာနများ၏အကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဘာသာရပ်၊ အပြည်ပြည်ဆိုင်ရာနှင့် အာဆီယံဥပဒေ ဘာသာရပ်၊ စီးပွားရေး စာချုပ်စာတမ်းများ စိစစ်ခြင်း ဘာသာရပ်၊ အထွေထွေဥပဒေအကြံပေးရေး ဘာသာရပ်၊ ပြစ်မှုဆိုင်ရာနှင့် အထူးဥပဒေများ လက်တွေ့ အသုံးချမှု ဘာသာရပ်နှင့် တရားမဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့ပြီး သင်ကြားပို့ချ ခဲ့သည့် ဘာသာရပ်များသည် သင်တန်းသားများအတွက် လက်တွေ့အသုံးဝင်သည့် ဘာသာရပ် များဖြစ်ကြောင်း၊ ပို့ချပေးသည့် ဆရာများသည်လည်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးမှ ဥက္ကဌနှင့် အဖွဲ့ဝင်များ အပါအဝင် ဥပဒေရေးရာနယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံများစွာ ရှိသည့် ဥပဒေပညာရှင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်များနှင့် လက်တွေ့လုပ်ငန်း ဆောင်ရွက်နေကြသည့် ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြောင်း၊ သင်တန်းသားများ၏ သင်တန်း အပေါ် ထင်မြင်အကြံပြုချက်များအရ ယခုသင်တန်းသည် သင်တန်းသားများအတွက် ဥပဒေ အသိပညာများစွာ ရရှိကြောင်းနှင့် အကျိုးရှိကြောင်းသိရှိရ၍ ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ သင်တန်း အပေါ် ထင်မြင်အကြံပြုချက်များအရ လိုအပ်ချက်များကို စိစစ်၍ နောင်ဖွင့်လှစ်မည့် သင်တန်းများ ပိုမိုကောင်းမွန်စေရေး အတွက် ဖြည့်ဆည်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုသင်တန်း၏ အခြေအနေ၊ အချက်အလက် များကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီထံသို့ အစီရင်ခံစာ ပေးပို့တင်ပြသွားမည်ဖြစ်ပြီး ဥပဒေရေးရာဝန်ကြီးဌာနတွင်လည်း မှတ်တမ်းများ ထိန်းသိမ်းထား ရှိမည်ဖြစ်ကြောင်း ပြောကြားသည်။
သင်တန်းဆင်းပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ၊ သင်တန်းဆရာများ၊ တာဝန်ရှိသူများနှင့် သင်တန်းသားသင်တန်းသူများအဖြစ် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ တက်ရောက်ကြကြောင်းသိရသည်။
(သတင်းစဉ်)