နေပြည်တော်- မတ် ၂၂


နေဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ် Mr.Igor KRASNOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၀၉း၃၀ နာရီအချိန်က နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီး ဌာန၊ သံတမန်ခန်းမတွင် လက်ခံတွေ့ဆုံသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ် Mr.Igor KRASNOV ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့၏ ယခုခရီးစဉ်သည် ၂၈-၆-၂၀၂၂ ရက်နေ့မှ ၁-၇-၂၀၂၂ ရက်နေ့ထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာဇဘတ်မြို့တွင် ကျင်းပသည့် ၁၀ ကြိမ်မြောက် စိန့်ပီတာဇဘတ် အပြည်ပြည်ဆိုင်ရာ ဥပဒေ ရေးရာဖိုရမ်(10th St. Petersburg International Legal Forum) သို့ တက်ရောက်နိုင်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီး H.E.Mr. Konstantin Chuy Chenko ၏ ဖိတ်ကြားချက် အရ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး တက်ရောက်စဉ် H.E.Mr. Konstantin Chuy Chenko နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ဥပဒေရေးရာပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခဲ့မှုအရ Memorandum of Cooperation နှစ်စုံကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီးဌာနနှင့်သော်လည်းကောင်း၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံ ရှေ့နေချုပ်ရုံးနှင့်သော်လည်းကောင်း လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်ခဲ့ခြင်း၏ နောက်ဆက်တွဲ ရလာဒ်ဖြစ်ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့ အကြား ဆက်သွယ်ဆောင်ရွက်ခဲ့မှုများ၊ ဥပဒေရေးရာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံဥပဒေစနစ်နှင့် ဥပဒေပြုရေးဆိုင်ရာ သတင်းအချက်အလက်နှင့် အတွေ့အကြုံ များ အပြန်အလှန်ဖလှယ်ခြင်း၊ ပူးတွဲဆွေးနွေးညှိနှိုင်းခြင်းများ၊ ညီလာခံများ၊ အလုပ်ရုံဆွေးနွေးပွဲများ နှင့် မျက်နှာစုံညီဆွေးနွေးမှုများကျင်းပခြင်း၊ အတွေ့အကြုံမျှဝေခြင်းနှင့် လေ့လာသင်ယူခြင်းတို့ အတွက် ကျွမ်းကျင်ပညာရှင်များ စေလွှတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းတို့ကို ခင်မင်ရင်းနှီးစွာ နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ် Mr.Igor KRASNOV တို့က လက်မှတ်ရေးထိုးကြသည်။ အဆိုပါ အခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Dr. LISTOPADOV Nikolay ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယရှေ့နေချုပ်နှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။
ဥပဒေရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ဧည့်သည်တော် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ် Mr. Igor KRASNOV ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့အား ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးကို ဖူးမျှော်ကြည်ညို၍ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခြင်း၊ ဝတ္တကံမြေရှိ ရတနာဆင်ဖြူတော်ဆောင်တွင် ဆင်ဖြူတော်များကို ကြည့်ရှု၍ အစာကျွေးခြင်းတို့အတွက် လိုက်ပါပို့ဆောင်ပေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ဧည့်သည်တော် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ် Mr. Igor KRASNOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား Jasmine Naypyitaw Hotel တွင် နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Dr. LISTOPADOV Nikolay တို့ တက်ရောက်ကြောင်း သိရှိရသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ်၏ ခရီးစဉ်အတွင်း ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ဆွေးနွေးညှိနှိုင်းမှု အစီအစဉ်အရ ပူးပေါင်းကျင်းပသည့် “SEMINOR ON LEGAL COOPERATION BETWEEN MINISTRY OF LEGAL AFFAIRS,THE REPUBLIC OF THE UNION OF MYANMAR AND THE PROSECUTOR GENERAL’S OFFICE OF THE RUSSIAN FEDERATION” ဖွင့်ပွဲအခမ်းအနားကို ၂၁-၃-၂၀၂၃ ရက်နေ့ ၁၃:၀၀ အချိန်တွင် ဥပဒေ ရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ(မြေညီထပ်)တွင်ကျင်းပရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံး၊ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.Sergey Vladimirovich PLOKHOV က “Topical direction of international legal cooperation of the Prosecutor General’s Office of the Russian Federation in the context of modern threats and challenges” ဘာသာရပ်ကိုလည်းကောင်း၊ အဖွဲ့အစည်းဆိုင်ရာနှင့် သုတေသနဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.Denis KUNEV က “On the Russian experience of countering crimes in IT-sphere,including illicit turnover of cryptocurrency and other virtual assets” ဘာသာရပ်ကိုလည်းကောင်း ဆွေးနွေးပို့ချပြီး သင်တန်းသားအဖြစ် ဥပဒေရေးရာဝန်ကြီးဌာနမှ ဥပဒေအရာရှိ ၄၅ ဦး၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အရာထမ်း ၈ ဦး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ အရာထမ်း ၇ ဦး၊ Naypyitaw State Academy မှ ဥပဒေဘာသာရပ်အထူးပြု ကျောင်းသား/ကျောင်းသူ ၁၅ ဦး၊ စုစုပေါင်း ၇၅ ဦး တက်ရောက်၍ ဆွေးနွေးပို့ချချက်များအပေါ် မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ် Mr. Igor KRASNOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ၏ခရီးစဉ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့်ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့ သံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက် စိန်ရတုအခါသမယအတွင်း လာရောက်သော ခရီးစဉ်ဖြစ်ကြောင်း၊ အဆိုပါ ခရီးစဉ် အတွင်း ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခြင်း၊ ခရီးစဉ်အတွင်း ညှိနှိုင်းမှု အစီအစဉ်အရ SEMINOR ON LEGAL COOPERATION ကျင်းပနိုင်ခြင်းတို့ကြောင့် နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်သော ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်နားလည်မှုကို ပိုမိုခိုင်မာစေပြီး နှစ်နိုင်ငံဆက်ဆံရေး အတွက် အကျိုးဖြစ်ထွန်းစေနိုင်ကြောင်းနှင့် နှစ်နိုင်ငံအကြား ဥပဒေရေးရာကိစ္စရပ်များတွင် ပိုမို ပူးပေါင်းဆောင်ရွက်နိုင်စေမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်
