ဥပ‌ဒေရေးရာဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မဟာသင်္ကြန်အကြို စတုဒိသာ ကျွေးမွေး၍  ပျော်ပွဲရွှင်ပွဲ ကျင်းပပြုလုပ်

နေပြည်တော်   ဧပြီ   ၆

ဥပဒေရေးရာဝန်ကြီးဌာန၊ နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းများ၏ ၂၀၂၃ ခုနှစ်၊ မဟာသင်္ကြန်အကြို စတုဒိသာ ကျွေးမွေးခြင်းနှင့်  ပျော်ပွဲရွှင်ပွဲ အခမ်း အနားကို ယနေ့ နံနက်ပိုင်းက ဥပဒေရေးရာဝန်ကြီးရုံးရှေ့၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက နှစ်သစ်တွင် ပျော်ရွှင်ကျန်းမာ ကြပါစေကြောင်း၊ စိတ်သစ် ကိုယ်သစ်ဖြင့် နိုင်ငံ့တာဝန် မိသားစုတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူများ ဖြစ်ကြပါစေကြောင်း၊ ကမ္ဘာသူ ကမ္ဘာသား အားလုံးနှင့် မြန်မာနိုင်ငံသား အားလုံးလည်း ကပ်ရောဂါဘေး အန္တရာယ်အပေါင်းမှ ကင်းဝေးပြီး ချမ်းသာသုခနှင့် ပြည့်စုံပါစေကြောင်း ဆု‌တောင်းမေတ္တာ ပို့သပါသည်။ ဆက်လက်၍ ဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီမှ ညွှန်ကြားရေး မှူးချုပ်များကလည်း နှစ်သစ်အတွက် ဆုတောင်းစကား အသီးသီးပြောကြားကြ သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအား စတုဒိသာ ကျွေးမွေးနေမှုများ၊ သင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေနေမှုများကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)