နေပြည်တော်၊ ဩဂုတ် ၃၀
ဥပဒေရေးရာဝန်ကြီးဌာန၏ ဒုတိယအကြိမ် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦး၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးရေးမှူးချုပ်များက ဝန်ကြီးဌာန၏ နှစ်ပတ်လည်အခမ်းအနားအတွက် နှုတ်ခွန်းဆက် ဆုတောင်းစကားများ ဦးစွာ ပြောကြားကြပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်က ပြောကြားရာတွင် ဝန်ကြီးဌာန၏ နှစ်ပတ်လည် အခမ်းအနားသို့ ကြွရောက်လာကြသော အရာထမ်း၊ အမှုထမ်းများ အားလုံး၊ ဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ကို တစ်ချိန်တည်း၊ တစ်ရက်တည်း ကျင်းပနေကြသော အဆင့်ဆင့်သော ဥပဒေရုံးများရှိ အရာထမ်း၊ အမှုထမ်းအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေ၊ ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝကြပါစေ၊ ဘေးရန်အပေါင်း ကင်းဝေး ကြပါစေလို့ ဦးစွာဆုတောင်းစကား ပြောကြားလိုပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးမှာ ထိရောက်စွာ ကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ဥပဒေရေးရာဝန်ကြီးဌာနအဖြစ် ဌာနကြီး-၅ ခုဖြင့် ၃၀-၈-၂၀၂၁ နေ့ တွင် ပြင်ဆင်ပြောင်းလဲ ဖွဲ့စည်းခဲ့ပါကြောင်း၊ အခက်အခဲများကြား၊ စိန်ခေါ်မှုများကြားက လုပ်ငန်းများ အောင်မြင်မှု ရလဒ်ကောင်းများ ရရှိခဲ့သည့်အတွက် နိုင်ငံတစ်ဝှမ်းရှိ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်ရုံးများနှင့် အဆင့်ဆင့်သော ဥပဒေရုံးများရှိ အရာထမ်း၊ အမှုထမ်းအားလုံးကို အထူး ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားပါသည်။
ဆက်လက်၍ ဥပဒေရေးရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်ရုံးများ၊ အဆင့်ဆင့်သော ဥပဒေရုံးများ၏ ၂ နှစ်တာ လှုပ်ရှားဆောင်ရွက်မှု Video မှတ်တမ်းများကို ကြည့်ရှု ကြပါသည်။ ယင်းနောက် ဥပဒေရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း၊ အမှုထမ်း စုစုပေါင်း(၅၄၇)ဦးအတွက် ရုံးတူညီ ဝတ်စုံများကို ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စု ရှေ့နေချုပ်က အမျိုးသမီးများအတွက် အမျိုးသမီး ကိုယ်စားလှယ် တစ်ဦးအားလည်းကောင်း၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်က အမျိုးသားများအတွက် အမျိုးသားကိုယ်စားလှယ် တစ်ဦး အားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြပြီး၊ ဗလာမပါ ကံစမ်းမဲများ ဖောက်လုပ်ပေးခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)