တရားလွှတ်တော်‌ရှေ့နေများကောင်စီ အစည်းအဝေး အမှတ်စဉ် ၂/၂၀၂၃  ကျင်းပခြင်း

နေပြည်တော်၊ စက်တင်ဘာ ၂၁ ရက်

တရားလွှတ်တော်‌ရှေ့နေများကောင်စီ အစည်းအဝေး အမှတ်စဉ် ၂/၂၀၂၃ ကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၊ Cluster–1, တိုက်အမှတ်(၆)ရှိ တရားလွှတ်တော်‌ရှေ့နေများကောင်စီရုံး၌ မွန်းလွဲ ၁၃:၀၀ နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် တရားလွှတ်တော်ရှေ့နေများကောင်စီဥက္ကဋ္ဌ ဒေါက်တာသီတာဦး ဦးဆောင်၍ တရားလွှတ်တော် ရှေ့နေများကောင်စီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးမျိုးတင့်၊ တရားလွှတ်တော်ရှေ့နေများကောင်စီ အဖွဲ့ဝင်များဖြစ်ကြသော ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ တရားလွှတ်တော်ရှေ့နေ ဦးဝင်းအောင်၊ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်နုသာ၊ တရားလွှတ်တော်ရှေ့နေ ဦးလှဟန်၊ တရားလွှတ်တော် ရှေ့နေ ဦးစိုးသိန်း၊ တရားလွှတ်တော်ရှေ့နေ ဦးဝင်းဖေ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးနှင့် တရားလွှတ် တော်ရှေ့နေများကောင်စီ အတွင်းရေးမှူး ဥပဒေရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီသီမြင့်တို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရှေ့နေကျင့်ဝတ်ဖောက်ဖျက်သည့် တရားလွှတ်တော်ရှေ့နေများအပေါ် တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေပုဒ်မ ၁၀(၁)အရ တရားလွှတ်တော်ရှေ့နေ ၄၀ ဦး အပေါ် ထိုက်သင့်သည့် အရေးယူမှုပြုလုပ်ရန် သင့်၊ မသင့် ပြည်ထောင်စုတရားလွှတ်တော် ချုပ်က သဘောထား တောင်းခံသည့်ကိစ္စ၊ တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့် ပြုရန် လျှောက်ထားသည့် အထက်တန်းရှေ့နေ ၄၆၈ ဦးကိစ္စ၊ ၁၉၅၄ ခုနှစ်၊ တရားလွှတ်တော် ရှေ့နေများအဖြစ် ဝင်ခွင့်နည်းဥပဒေများအား ပြင်ဆင်ဖြည့်စွက်ရန်ကိစ္စ၊ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူ (Insolvency Practitioner)များအဖြစ် တာဝန်ပေးအပ်ရန် တရားလွှတ်တော် ရှေ့နေအဖြစ် အမှု လိုက်ပါဆောင်ရွက်သည့်လုပ်သက် သတ်မှတ်နိုင်ရေးကိစ္စ၊ မူပိုင်ခွင့်ဆိုင်ရာ ပညာရှင်နေရာကို စိတ်ပါ ဝင်စားသည့် တရားလွှတ်တော်ရှေ့နေများ လျှောက်ထားနိုင်ကြောင်း အသိပေးနှိုးဆော်မည့်ကိစ္စ၊ တရားလွှတ်တော်ရှေ့နေများ သိရှိလိုက်နာရန် တရားလွှတ်တော်ရှေ့နေ များကောင်စီက ထုတ်ပြန်သည့် ကြေညာချက်များ၊ အမိန့်ကြော်ငြာစာများကို ဥပဒေရေးရာ ဝန်ကြီးဌာန Website www.mola.gov.mm (ဘားကောင်စီ) ကဏ္ဍတွင် ထည့်သွင်းဖော်ပြရန် ကိစ္စနှင့် တရားလွှတ်တော်ရှေ့နေများကောင်စီရုံး အဆောက်အဦနှင့် မြေနေရာ လျှောက်ထားသည့် ကိစ္စများကို ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ခဲ့ကြသည်။

                                                                                                  (သတင်းစဉ်)