တရုတ်-အာဆီယံ ဥပဒေရေးရာပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

နေပြည်တော်၊ နိုဝင်ဘာ ၂ ရက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့၌ နိုဝင်ဘာလ ၁ ရက်နေ့က ကျင်းပသည့် (၅) ကြိမ်မြောက် တရုတ်-အာဆီယံ ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲသို့ ဥပဒေရေးရာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ ချုံချင့်မြူနီစီပယ်ကော်မတီ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မတီ အတွင်းရေးမှူး Lu Kehua၊ တရုတ်ဥပဒေအဖွဲ့အစည်း၏ ဒုတိယ ဥက္ကဋ္ဌနှင့် အထွေထွေ အတွင်းရေးမှူး Zhang Mingqi၊ အနောက်တောင်ပိုင်း နိုင်ငံရေးသိပ္ပံနှင့် ဥပဒေတက္ကသိုလ် ကျောင်းအုပ်ကြီး ပါမောက္ခ Lin Wei၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့မှ တရားလွှတ်တော်ချုပ်ရုံး တရားသူကြီးများ၊ အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့မှ ဥပဒေပညာရှင်များ၊ နိုင်ငံခြားပညာတော်သင် ကျောင်းသူ ကျောင်းသားများ တက်ရောက်ကြသည်။ ဥပဒေရေးရာဝန်ကြီးဌာနနှင့် တရုတ်-အာဆီယံ ဥပဒေရေးရာ သုတေ သနစင်တာ တို့အကြား အဓိကကျပြီး ခိုင်မာသည့် ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှုများ အဖြစ်  ဥပဒေရေးရာဝန်ကြီးဌာနမှ ဥပဒေအရာရှိများကို အနောက်တောင်ပိုင်း နိုင်ငံရေး သိပ္ပံနှင့် ဥပဒေတက္ကသိုလ်(Southwest University of Political Science and Law)သို့  ပညာတော်သင်များ စေလွှတ်ခြင်း၊ တရုတ်-အာဆီယံ ဥပဒေရေးရာ သုတေသနစင်တာနှင့် ဥပဒေ ရေးရာဝန်ကြီးဌာနတို့အကြား ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဥပဒေရေးရာ သုတေသန လုပ်ငန်း စီမံကိန်းများ နားလည်မှုစာချွန်လွှာကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း လက်မှတ် ရေးထိုးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

       (သတင်းစဉ်)