ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (UPR) နှင့် စပ်လျဉ်းသည့် အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ် တက်ရောက် အမှာစကားပြောကြား

နေပြည်တော်၊  ဇူလိုင်  ၁၀

     ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ယနေ့ နံနက် ၁၀:၀၀ အချိန်တွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (UPR)နှင့် စပ်လျဉ်းသည့် အစည်းအဝေးသို့ တက်ရောက်၍ အမှာ စကားပြောကြားခဲ့ပါသည်။

   ပြည်ထောင်စုရှေ့နေချုပ်က အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံ အားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (UPR)အရ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၌ National Report ကို ၂၀၁၁ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၅ ခုနှစ်တွင် တစ်ကြိမ် ဖတ်ကြားတင်သွင်းခဲ့ပြီး ဖြစ်ပါကြောင်း၊ တတိယအကျော့ UPR အစီရင်ခံစာ တင်သွင်းခြင်း ကို ယခုနှစ် အောက်တိုဘာလတွင် တင်သွင်းရမည်ဖြစ်ပါကြောင်း၊ အစီရင်ခံစာပြုစုရေးကော်မတီ အနေဖြင့် UPR အစီရင်ခံစာ (စတုတ္ထမူကြမ်း) (အပြီးသတ်မူကြမ်း) ကို UPR အမျိုးသားအဆင့် ကော်မတီသို့ တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ UPR အကြံပြုချက်များတွင် အစိုးရအနေဖြင့် လူ့အခွင့်အရေးကိစ္စရပ်များနှင့် ပတ်သက်သည့် ယန္တရားတစ်ရပ် ထူထောင်ရန် တိုက်တွန်းထားပါကြောင်း၊ အဆိုပါ ယန္တရားတစ်ရပ် ထူထောင်နိုင်ရေးအတွက် ဖွဲ့စည်းမည့်အဖွဲ့နှင့် တာဝန်များကို ဝိုင်းဝန်းဆွေးနွေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

   ထို့နောက် တက်ရောက်လာကြသူများက မြန်မာနိုင်ငံ၏ UPR အစီရင်ခံစာနှင့် စပ်လျဉ်း၍ အမျိုးသားအဆင့်ကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အမျိုးသားအဆင့်ယန္တရားတစ်ရပ် ထူထောင်နိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်များ၊ ကုလ သမဂ္ဂလူ့အခွင့်အရေးကောင်စီ၌ National Report ဖတ်ကြားတင်သွင်းနိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြပါသည်။

   အဆိုပါ အစည်းအဝေးသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဌ ဦးလှမြင့်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်ဒေါက်တာသီတာဦး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီသီမြင့်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်            ဦးချမ်းအေး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။           

 (သတင်းစဉ်)