တရားလွှတ်တော်ရှေ့နေများကောင်စီ အစည်းအဝေး ၁/၂၀၂၀ ကျင်းပ

နေပြည်တော်၊  ဇွန်  ၂

တရားလွှတ်တော်ရှေ့နေများကောင်စီ ဥက္ကဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် အဖွဲ့ဝင်များနှင့်အတူ ယနေ့ မွန်းလွဲ ၁၃:၀၀ နာရီတွင် တရားလွှတ်တော်ရှေ့နေများကောင်စီ အစည်းအဝေးကို ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ဥက္ကဌက အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်သည့် တရားလွှတ်တော်ရှေ့နေများ ကောင်စီအစည်းအဝေးအား အဖွဲ့ဝင်အားလုံး စုံညီစွာတက်ရောက်ပါကြောင်း၊ တရားလွှတ်တော် ရှေ့နေများကောင်စီအစည်းအဝေးပြုလုပ်မှသာ တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းရန် လျှောက်ထားသူများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စိစစ်ထောက်ခံတင်ပြပေးနိုင်မည်ဖြစ်ပါကြောင်း၊ အလားတူ တရားလွှတ်တော်ရှေ့နေများ၏ ကျင့်ဝတ်သိက္ခာနှင့်စပ်လျဉ်း၍ သဘောထားမှတ်ချက်များ ပေးပို့နိုင်မည်ဖြစ်ပါကြောင်း၊ အထူးသဖြင့်  တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ဖြစ်ပါကြောင်း၊ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေကို ၁၀-၆-၂၀၁၉ ရက်နေ့တွင်ပြင်ဆင်ခဲ့ပါကြောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ၆-၄-၂၀၂၀ ရက်နေ့တွင် တရားလွှတ်တော်ရှေ့နေများ ကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ပြင်ဆင်သည့်နည်းဥပဒေများကို ထုတ်ပြန်ခဲ့ပါကြောင်း၊ တရားလွှတ်တော်ရှေ့နေများကောင်စီကလည်း ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ၁၈-၅-၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ပြင်ဆင်သည့်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားလွှတ်တော်ရှေ့နေများကောင်စီရွေးကောက်ပွဲကို ဩဂုတ်လတွင် ကျင်းပရန်လျာထားပါကြောင်း၊ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများအရ တရားလွှတ်တော်ရှေ့နေများကောင်စီက မဲဆန္ဒနယ် သတ်မှတ်ပေးရမည်ဖြစ်သည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ၃၄ နေရာ သတ်မှတ်ထားပါကြောင်း၊ သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် ကြီးကြပ်ဆောင်ရွက်မည့်သူများကို ခန့်အပ်ရန်ရှိပါကြောင်း၊ ယခုအစည်းအဝေးတွင် တရားလွှတ်တော်ရှေ့နေများကောင်စီ၏ လုပ်ငန်းများ တိုးတက် ကောင်းမွန်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ အဆင်ပြေချောမွေ့ စေရေးအတွက်  ဆွေးနွေးအကြံပြု ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းရန်လျှောက်ထားသူ အထက်တန်းရှေ့နေ ၉၀၉ ဦး ကိုလည်းကောင်း၊ on-line ဖြင့်သင်ကြားသော ဘွဲ့လွန်ဥပဒေပညာ ဒီပလိုမာသင်တန်းအောင်မြင်သူ အထက်တန်းရှေ့နေ ၁၀ ဦး ကိုလည်းကောင်း စိစစ်ထောက်ခံ အတည်ပြုနိုင်ခဲ့ပါသည်။

အစည်းအဝေးတွင် တရားလွှတ်တော်ရှေ့နေများကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ (၁၁)ဦး တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို ညနေ ၁၆:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

                                                                                                                (သတင်းစဉ်)