နေပြည်တော် မေ ၂၅

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ဥပဒေရေးရာ ဝန်ကြီးဌာန၊ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် ဥပဒေအရာရှိ ကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်းနှင့် ဆွေးနွေးခြင်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး သည်။
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေရေးရာဝန်ကြီးဌာနနှင့် ဥပဒေရုံး အဆင့်ဆင့်မှ ဥပဒေအရာရှိများသည် နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍများနှင့်စပ်လျဉ်းသည့် နယ်ပယ်(၃)ခုလုံးတွင် လုပ်ငန်းတာဝန်များကို ထမ်းဆောင် ကြရသူများဖြစ်ကြောင်း ၊ ဥပဒေအရာရှိများသည် လွှတ်တော်အဖွဲ့အစည်းများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ တရားစွဲ အဖွဲ့အစည်းများ၊ တရားရုံးများ၊ ပြည်သူများအပြင် မိမိတို့အချင်းချင်းလည်း ထိတွေ့ဆက်ဆံကြရ ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် ဥပဒေအရှိများအား ကျင့်ဝတ်သိက္ခာနှင့်ပြည့်စုံပြီး အများပြည်သူက ယုံကြည်အားထားရသော ဥပဒေအရာရှိများဖြစ်စေရန်၊ ဖြောင့်မတ်မှန်ကန်၍ မျှတသော တရားစီရင်ရေးစနစ် ဖြစ်ထွန်းစေရန်၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အကျိုး စီးပွားကို ဥပဒေနှင့်အညီဖော်ဆောင်နိုင်စေရန်၊ အရည်အသွေးနှင့် အရည်အချင်းမြင့်မားသော တာဝန် ယူမှုနှင့် တာဝန်ခံမှုရှိသည့် ဥပဒေအရာရှိများဖြစ်စေရန် ရည်ရွယ်၍ ဥပဒေအရာရှိကျင့်ဝတ်ကို ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနသည် လုပ်ငန်းတာဝန်များအား ပြည်ထောင်စု ရှေ့နေချုပ်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ တရားဥပဒေစိုးမိုးရေး အတွက် အညွှန်းကိန်းတစ်ရပ်အနေဖြင့် ပြည်သူများယုံကြည်ကိုးစားမှုရရှိရန်လည်း အရေးကြီးသဖြင့် “ပြည်သူ့အတွက်တည်ဆောက်လျက် ဥပဒေယုံကြည်ချက်” ခေါင်းစဉ်ဖြင့် မဟာဗျူဟာစီမံကိန်း ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းတာဝန်များအားထမ်းဆောင်ရာတွင် ကောင်းမြတ်သော ကိုယ်ကျင့်တရားဖြင့် ကျင့်ဝတ်စောင့်ထိန်းလိုက်နာမှု ပိုမိုအားကောင်းစေရန် ဥပဒေအရာရှိကျင့်ဝတ် ကြီးကြပ်ရေးကော်မတီနှင့် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျှက်ရှိကြောင်း၊ ဥပဒေအရာရှိ ကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်း (Interview) အစီအစဉ်သည် ကျင့်ဝတ်ကြီးကြပ်ရေးအဖွဲ့များက ဥပဒေအရာရှိတစ်ဦးချင်းစီအား ဥပဒေအရာရှိကျင့်ဝတ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းခြင်း ဖြစ်ကြောင်း၊ ဥပဒေအရာရှိများအနေဖြင့် ဥပဒေအရာရှိကျင့်ဝတ်များကို ကောင်းစွာသိရှိနားလည်ပြီး လုပ်ငန်းလမ်းညွှန်သဖွယ် လိုက်နာကျင့်သုံးခြင်းဖြင့် ပြည်သူများယုံကြည်အားထားမှု ပိုမိုရရှိလာစေ ရေး အလေးထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်သည် ဥပဒေအရာရှိကျင့်ဝတ် ကြီးကြပ်ရေးအဖွဲ့များက ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအားလမ်းညွှန်မှာကြားသည်။ ဥပဒေရေးရာဝန်ကြီးဌာန လက်အောက် ရှိ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်ရုံးများ၊ ခရိုင်ဥပဒေရုံးများနှင့် မြို့နယ်ဥပဒေရုံးများမှ ဥပဒေ အရာရှိများအား သက်ဆိုင်ရာ ဥပဒေအရာရှိကျင့်ဝတ်ကြီးကြပ်ရေးအဖွဲ့များက သတ်မှတ်ထားသော ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာတွေ့ဆုံမေးမြန်းခြင်း အစီအစဉ်နှင့်အညီ ဆက်လက်ဆောင်ရွက်ကြ မည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
